ကုန်တင်ကားကြီးများဖြတ်သန်းသည့် ဂျိုင်းမြစ် ဘောတံတားယာယီပြင်ဆင်

ကုန်တင်ကားကြီးများဖြတ်သန်းသည့် ဂျိုင်းမြစ် ဘောတံတားယာယီပြင်ဆင်
by -
ကေအိုင်စီ
ဖားအံ၊ကော့ကရိတ်၊မြဝတီလမ်းပေါ်ရှိ pontoon (ဂျိုင်း)တံတားအား ကရင်ပြည်နယ်၊ လမ်းဦးစီးဌာနက အောက်တိုဘာလ၂၅ရက်နေ့မှစ၍ ပြင်ဆင်မှုလုပ်ငန်းများ စတင်လုပ်ဆောင်နေသည့်အတွက် ကုန်တင်ယာဉ်များသွားလာမှုကို အချိန်အကန့်သတ်ဖြင့်သာ သွားလာခွင့်ပြုထားကြောင်းသိရသည်။

အဆိုပါတံတားပြင်ဆင်မှုမှာယခုအကြိမ်အပါအဝင်၄ကြိမ်မြောက်ဖြစ်ပြီး ပြည်နယ် လမ်းဦးစီးဌာနမှ အောက်တိုဘာလ၂၅ရက်နေ့မှ နိုဝင်ဘာလ၅ရက်နေ့အထိနေ့စဉ် နံနက် ၁၀နာရီမှညနေ ၄နာရီအတွင်း ပြင်ဆင်မှုလုပ်ငန်းများလုပ်ဆောင်စဉ် တံတားဖြတ်သန်းမှု ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အောက်တိုဘာလ၂၁ရက်နေ့ကအသိပေးကြေညာခဲ့ခြင်းဖြစ်သည်။

တံတားပြင်ဆင်မှုလုပ်ငန်းများကို မြန်မာသစ်တောက်ငှက်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ၎င်းတို့အနေဖြင့် တံတားအရည်အသွေးပိုင်းတွင်သာမက ကုန်စည်စီးဆင်းမှုအဟန့်အတားမဖြစ်စေရေးအတွက် သတ်မှတ်သည့်ရက်ထက်စော လျင်စွာပြီးစီးနိုင်ရန် ကြိုးစားလုပ်ဆောင်နေကြောင်း မြန်မာသစ်တောက်ငှက်ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးတင်စိုးကပြောသည်။

“အခု ဒီတံတားက ကုန်စည်စီးဆင်းမှုအတွက်အရေးပါတဲ့ တံတားတစ်စင်းဖြစ်ပါတယ်။ဒါ့ကြောင့် ကြံ့ခိုင်မှုအားနည်းယိုယွင်းလာတဲ့အစိတ်အပိုင်းတွေကိုသေချာခိုင်ခံ့အောင် ပြည်နယ်အစိုးရ၊ပြည်ထောင်စုအစိုးရတာဝန်ရှိသူတွေရဲ့ လမ်းညွန်ချက်နဲ့အညီ ပြင်ဆင်ဆောင်ရွက်တာပါ။တံတားသက်တမ်းကြာလာတော့ တံတားသံထည်တွေ အရည်အသွေး နိမ့်ကျတဲ့အစိတ်အပိုင်းတွေကို co2 ကွိုင် ဝရိန်စနစ်နဲ့ သေချာခိုင်ခံ့အောင် ကျနော်တို့အမြန်ဆုံး သတ်မှတ်ရက်ကနိုဝင်ဘာလ၅ရက်လို့ ကြေညာထားပေမယ့်၂ရက်နေ့ဆို ပုံမှန်ပြန်လည်သွားလာနိုင်အောင်ပြင်ဆင်နေပါတယ်”ဟု ဦးတင်စိုးက ပြောဆိုသည်။

အဆိုပါ pontoon (ဂျိုင်း)တံတားသည်ထိုင်းနိုင်ငံဘက်မှ ကုန်စည်များ ကရင်ပြည်နယ်တွင်းမှ မြန်မာနိုင်ငံတွင်းသို့ တင်ဆောင်သယ် ယူလာစဉ် တန်၄၀တင်ကုန်ကားကြီးများကို ဂျိုင်းမြစ်ကိုဖြတ်သန်းနိုင်ရန်အတွက်၂၀၀၉ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့ကစတင် တည်ဆောက်ထားခဲ့သော pontoon (ဂျိုင်း) မြစ်ကူး ဘောတွဲတံတားတစ်စင်းဖြစ်သည်။

၎င်းတံတားတည်ဆောက်စဉ်က၂နှစ်ခန့်ယာယီ အသုံးပြုရန်သာ မြန်မာသစ်တောက်ငှက် ကုမ္ပဏီအားတည်ဆောက်ခွင့်ပြုထားခဲ့ပြီး တံတားအသုံးပြုမှုသက်တမ်း၂နှစ်ကျော်လာသည့်နောက်ပိုင်း ကုန်စည်စီးဆင်းမှုလိုအပ်ချက်များအရ ဆက်လက်ပြုပြင်ထိန်းသိမ်း ကာဖြတ်သန်းခွင့်ပြု သုံးစွဲလာနေသည်မှာ ရနှစ်ခန့်ကြာမြင့်လာပြီဖြစ်ကြောင်း တံတားတာဝန်ရှိသူ၏ပြောကြားချက်အရသိရသည်။

 “ဒီတံတားက ကြာပြီ ကုန်ကားကူးဖို့ကဒီတံတားကအဓိကပဲ။အခုက ပြင်တယ်ဆိုပေမယ့်လည်းတနေ့ကို မနက်၁၀နာရီကနေ ညနေ၄နာရီအထိပဲ ခဏပိတ်တာဆိုတော့အချိန်ကိုက်ဖြတ်လို့ မှီအောင်တော့ မောင်းရတာကလွဲလို့ အဆင်ပြေပါတယ်။ ဒီနေရာမှာ ကုန်ကားကြီးတွေအမြဲ ဖြတ်လို့ရတဲ့ တံတားအကြီးစားတစ်စင်းဆောက်ဖြစ်သွားရင်တော့ ပိုကောင်းတာပေါ့”ဟု တံတားပြင်ဆင်မှုကိစ္စနှင့် ပတ်သက်ပြီး ကုန်ကားယဉ်မောင်းကိုအောင်မော်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင်း မြစ်ကူးချောင်းကူးတံတားများ တည်ဆောက်ခြင်းအမျိုးအစားများဖြစ်တဲ့ သံကူကွန်ကရစ်တံတား၊ကြိုးတံတား၊ဘေလီသံဘောင်တံတား၊ pontoon ဘောတံတားတည်ဆောက်ခြင်းနည်းစနစ် ၄မျိုးဖြင့်တည်ဆောက်ကာ သွားလာနေခြင်းဖြစ်ပြီး ယခုကရင်ပြည်နယ်တွင်းဂျိုင်း(pontoon)ဘောတံတားသည် ကရင်ပြည်နယ်၌သာမက မြန်မာပြည်အတွင်းရှိတစ်ခုတည်းသောမြစ်ကူး pontoon ဘောတံတားတစ်စင်းဖြစ်သည်။

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...