သတင်းအချက်အလက်ဗဟိုဌာန တည်ဆောက်ရန် ကန်ဒေါ်လာ သန်း ၉ဝကျော် ချေးယူရန် တင်ပြ

သတင်းအချက်အလက်ဗဟိုဌာန တည်ဆောက်ရန် ကန်ဒေါ်လာ သန်း ၉ဝကျော် ချေးယူရန် တင်ပြ
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်(ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်)
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်(ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်)

နေပြည်တော်တွင် သတင်းအချက်အလက်ဗဟိုဌာနကြီးတစ်ခု တည်ဆောက်ရန် ကိုရီးယားနိုင်ငံမှ အမေရိကန်ဒေါ်လာ ၉၃ဒဿမ ၇၇၉သန်း ချေးယူလိုကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီး  ဦးသန့်စင်မောင်က ဒီဇင်ဘာ ၃ရက်က ပြည်ထောင်စုလွှတ်တော်တွင် လာရောက် တင်ပြသည်။

အစိုးရက အကောင်အထည်ဖော်နေသည့် E-government လုပ်ငန်းစဉ်အတွက် အဓိက အထောက်အကူ ပြုစေရန်၊ ဆိုက်ဘာတိုက်ခိုက်မှုများ လျော့နည်းလာစေရန်နှင့် အစိုးရ၏ သတင်းအချက်အလက်များ လုံခြုံမှု ရှိစေရန် အကောင်အထည်ဖော်မည့် ထိုစီမံကိန်းအတွက် ချေးငွေရယူခွင့်ကို ခွင့်ပြုပေးရန် ဦးသန့်စင်မောင်က လွှတ်တော်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူများ အကြားမှာ သတင်းတွေ၊ အချက်အလက်တွေ၊ ဆက်သွယ်စီးဆင်းမှုတွေ လွယ်ကူလျင်မြန်လာမယ်။ e-government လုပ်ငန်းတွေ ပိုမိုပြီးတော့ အောင်မြင်လာမယ်။ အဲ့ဒီအခါ နိုင်ငံတော်ရဲ့စီးပွားရေးကို တစ်ဖက်တစ်လမ်းကနေ ဖွံ့ဖြိုးတိုးတက်စေမှာ ဖြစ်တယ်။ သတင်းအချက်အလက်တွေ အစိုးရဌာနတွေရဲ့ အရေးကြီးတဲ့ အချက်အလက် တွေ၊ စာရင်းဇယားတွေကိုလည်း လုံခြုံစွာ ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးသန့်စင်မောင်က ရှင်းပြသည်။

ထို့အပြင် သတင်းအချက်အလက်ဗဟိုဌာကို တည်ဆောက်ပြီးပါက အစိုးရ၏ အွန်လိုင်းဝန်ဆောင်မှုများကို ပြည်သူများက အချိန်၊ နေရာမရွေး အဆင်ပြေချောမွေ့စွာ ရယူအသုံးပြုလာနိုင်မည်ဖြစ်ပြီး သတင်း အချက် အလက်များကို တစ်နေရာထဲတွင် စုစည်းနိုင်မည်ဖြစ်ကာ လုံခြုံမှု ကောင်းမွန်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ သတင်းအချက်အလက်ဗဟိုဌာကို နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ရှိ ဘောဂသိဒ္ဓိရပ်ကွက်တွင် တည်ဆောက်မည်ဖြစ်ပြီး စီမံကိန်းကာလကို ၂၀၁၉ခုနှစ်မှ ၂၀၂၁အထိ ၃နှစ် အထောင်အထည်ဖော်ရန် လျာထားကြောင်း သိရသည်။

ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များအရ ဆိုင်းငံ့ကာလ ၁၅နှစ်၊ ပြန်ဆပ်ကာလ ၂၅နှစ်၊ စုစုပေါင်း ချေးငွေသက်တမ်းမှာ နှစ် ၄၀ ဖြစ်ပြီး အတိုးနှုန်းမှာ တစ်နှစ်လျှင် ဝဒဿမ ၀၁ ဖြစ်သည်။

အဆိုပါ ချေးငွေနှင့်ပတ်သက်ပြီး လွှတ်တော်သို့ လာရောက်ရှင်းလင်းသည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကလည်း သက်သာမှုရှိသော ချေးငွေဖြစ်ခြင်းကြောင့် ပြည်ထောင်စု လွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးပါရန် တင်ပြခဲ့သည်။

“ချေးငွေ အပြည့်အဝ ထုတ်ယူသုံးစွဲပါက အကြမ်းအားဖြင့် ဆိုင်းငံ့ကာလအတွင်း တစ်နှစ်လျှင် အတိုး အမေရိကန်ဒေါ်လာ ဝ ဒဿမ ၀၀၉ သန်းခန့်နှင့် ပြန်ဆပ်ကာလအတွင်း တစ်နှစ်လျှင် အရင်းအတိုးပေါင်း အမေရိကန်ဒေါ်လာ ၃ဒဿမ ၇၆၀ သန်းခန့်တို့ကို ပြန်လည်ပေးဆပ်ရမှာ ဖြစ်ပါတယ်” ဟု ဦးမောင်မောင်ဝင်းက ပြောသည်။

ယခု စီမံကိန်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာ လုံခြုံရေးဦးစီးဌာနက ဆောင်ရွက်မည်ဖြစ်ပြီး သတင်းအချက်အလက်များ ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ရန် Backup စနစ်များအပြင် သဘာဝဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် Disaster Recovery Center (DRC) တစ်ခုကိုလည်း သန်လျင်မြို့နယ်ရှိ ဂြိုလ်တုဆက်သွယ်ရေးစခန်းတွင် တည်ဆောက်သွားမည်ဟုလည်း ဦးသန့်စင်မောင်က လွှတ်တော်သို့ ရှင်းပြခဲ့သေးသည်။

အစိုးရအဖွဲ့အစည်းအသီးသီး၏ Sever, Switch, Storage များကို Colocation ထားရှိနိုင်ရန် နေပြည်တော်တွင် တည်ဆောက်မည့် သတင်းအချက်အလက်ဗဟိုဋ္ဌာနတွင် Rack အလုံး (၅၀၀)နှင့် သန်လျင်မြို့ရှိ DRC တွင် Rack အလုံး (၁၀၀) ထားရှိသွားမည်ဟု ၎င်းက ဆိုသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ယခုနှစ် မတ်လကုန်အထိ ပေးဆပ်ရန်ကျန်သည့် ပြည်ပကြွေးမြီ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၆၉၁ဒဿမ ၆၁၈သန်း ဖြစ်သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...