မင်းပြားမြို့ ဈေးဟောင်းပိုင်းရပ်ကွက်ရှိ မီးတားလမ်းမြေနေရာတွင် အစိုးရက ပြည့်သူ့ဝန်ဆောင်မှုရုံး ဆောက်လုပ်မည့်မြေနေရာကို ဒေသခံပြည်သူများက ကန့်ကွက်မှုရှိနေသည်။
မီးတားလမ်းမြေနေရာသည် ရပ်ကွက်အတွင်းမီးလောင်မှုဖြစ်ပွားခဲ့လျှင် အခြားနေရာသို့ မီးမကူးစေရန် ပြည်သူ့ကောင်စီခေတ်ကတည်းက ပြုလုပ်ထားခဲ့ခြင်းဖြစ်ပြီး မြေအကျယ်အဝန်းမှာ အလျား ၅၀ ပေ၊ အနံ ၁၀၀ ပေရှိသည်။ ရပ်ကွက်နေပြည်သူများအနေဖြင့် ၎င်းမြေနေရာတွင် ရုံးဆောက်မည်ကို မလိုလားကြောင်းနှင့် အစိုးရမှ အခြားနေရာတွင်သာ ပြောင်းရွှေ့ဆောက်လုပ်စေလိုကြောင်း တောင်းဆိုနေကြသည်။
“အခုကန့်ကွက်စာတင်ဖို့ ရပ်ကွက်သားတွေလက်မှတ်ထိုးထားပါတယ်။ လောလောဆဲမှာမှာ လက်မှတ် ၁၁၄ ဦး ရရှိထားပါပြီ။ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌထံကို ဒီနေ့(ဒီဇင်ဘာ ၁)တင်မှာပါ။ ဒီလိုကန့်ကွက်နေတဲ့ ကြားက ဆက်ပြီးလုပ်ကိုင်လာရင် မြို့သူမြို့သားတွေအနေနဲ့ ဆန္ဒထုတ်ဖော်သွားမှာပါ ” ဟု မင်းပြားမြို့ နာရေးကူညီမှုအသင်း ဒု-ဥက္ကဋ္ဌ ဦးလှမောင်သိန်းမှ DMG သို့ ပြောသည်။
၎င်းမီးတားမြေနေရာတွင် ကျောက်တော် - မြောက်ဦးသို့ ပြေးဆွဲနေသည့် မော်တော်ယာဉ်ငယ်များ အတွက် (ယာယီ)ကားဂိတ်ကိုလည်း အသုံးပြုနေကြသည်။
အစိုးရက အဆိုပါ မီးတားမြေနေရာတွင် ပြည်သူ့ဝန်ဆောင်မှုရုံးဆောက်လုပ်မည်ကို အတည်မပြုရသေး ကြောင်းနှင့် လက်ရှိမှာ လျာထားအဆင့်သာရှိသေးကြောင်း မင်းပြားမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းထွန်းက ပြောသည်။
“ ဒီကိစ္စက လျာတားထားတာပဲ ရှိသေးတယ်။ အစီစဉ်ဆွဲတုန်းပဲ ရှိသေးတာပါ။ ဘာမှအတည်ပြုတာ မရှိသေးပါဘူး ” ဟု ၎င်းကပြောသည်။
ရက်ကွက်နေပြည်သူများအနေဖြင့် မီးတားနယ်မြေတွင် မည်သည့်အဆောက်အဦမှ ဆောက်လုပ်မည်ကို မလိုလားဘဲ ယခင်အတိုင်းသာထားရှိဖို့ လိုလားကြသည်။
“ဒီနေရာက မီးဘေးအန္တရာယ်ကြုံလာရင် ပစ္စည်းတွေ သိမ်းထားဖို့နဲ့ မီးသတ်ကားတွေ ဝင်ရောက်သွားလာဖို့ နေရာဖြစ်တဲ့အတွက် အဲဒီအတိုင်းဘဲ ထားသင့်ပါတယ် ” ဟု မင်းပြားမြို့၊ မြို့မိ၊မြို့ဖ အဖွဲ့ဝင် ဦးသိန်းစံက ပြောသည်။
မင်းပြားမြို့တွင် ယခုမြေနေရာအပါအဝင် မီးတားလမ်းနယ်မြေ သုံးနေရာရှိသည်။








