မူဆယ်မြို့နယ် ကျင်ဆန်းကျော့ ကျေးရွာတွင် ပြည်သူ့စစ် သေနတ်ပစ်ခံရ ၃ ဦးသေ ၂ ဦး ဒဏ်ရာရ

မူဆယ်မြို့နယ် ကျင်ဆန်းကျော့ ကျေးရွာတွင် ပြည်သူ့စစ် သေနတ်ပစ်ခံရ ၃ ဦးသေ ၂ ဦး ဒဏ်ရာရ
Photo Credit to U Thaung Tun/ ပစ်ခတ်ခံရသည့်နေရာနှင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသည့်ပြည်သူ့စစ်တပ်ဖွဲ့ဝင်၏ပုံ
Photo Credit to U Thaung Tun/ ပစ်ခတ်ခံရသည့်နေရာနှင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသည့်ပြည်သူ့စစ်တပ်ဖွဲ့ဝင်၏ပုံ

သျှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်) အနီး ကျင်ဆန်းကျော့ ကျေးရွာတွင် နမ့်ခမ်းမြို့မ ပြည်သူ့စစ် အဖွဲ့ သေနတ်ပစ်ခံရသဖြင့် သေကြေဒဏ်ရာရရှိမှုများရှိခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာ ၂ ရက်နေ့ ည ၉ နာရီကျော်အချိန်က ကျင်ဆန်းကျော့ ကျေးရွာ မြန်မာတရုတ် နယ်စပ်မျဉ်းရှိ ဟိုနောင်ကင်းစခန်းကို လုံခြုံရေး တာဝန်ယူထားသည့် နမ့်ခမ်းပြည်သူ့စစ်များကို အမည်မသိ လက်နက်ကိုင်မှ ဝင်ရောက်ချောင်း မြောင်း ပစ်ခတ်ရာ နမ့်ခမ်း ပြည်သူ့စစ်သူ ၃ ဦး ပွဲချင်းသေဆုံးပြီး၊ ၂ ဦးမှာ ဒဏ်ရာအနည်းငယ်ရရှိကြောင်း မူဆယ်မြို့ ဂရုဏာလူမှုကူညီရေးအသင်းမှ ဦးသောင်းထွန်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ ကျနော်တို့ ရောက်တာ ၁၀ နာရီခွဲလောက်ရှိပြီ။ လုံခြံုရေးယူထားတဲ့ နမ့်ခမ်းမြို့မ ပြည်သူ့စစ် ကင်းစခန်း ကိုလာပစ်သွားတာ။ ၃ ယောက်ကတော့ သေတယ်။ ဒဏ်ရာရတဲ့သူတွေက တယောက်ကတော့ ပေါင်မှာ ကျည်ထိတယ်။ မူဆယ်ပြည်သူ့ဆေးရုံမှာတက်နေတယ်။ နောက်တယောက်ကတော့ နဖူးကို မှန်စထိတယ်။ စိုးရိမ်စရာတွေတော့မရှိပါဘူး ” ဟု ဦးသောင်းထွန်း က ပြောသည်။

လက်ရှိ နမ့်ခမ်းမြို့မ ပြည်သူ့စစ် ပစ်ခံရသည့် နေရာသည့် တရုတ် မြန်မာ နယ်စပ်စည်းမျဉ်း တရုတ်ပြည် ဝိန်တိန် အနီးတွင် တည်ရှိပြီး နှစ်နိုင်ငံ ကုန်တင်ယာဉ်များ သွားလာနေသည့်နေရာတခုလည်းဖြစ်သည်။

ထိုနေရာတွင် ဌာနေ ပြည်သူ့စစ်များ က ကားရပ်နားကွင်း၊ ကုန်သိုလှောင်ရုံဖွင့်ကာ လုံခြံုရေး ယူထားပြီး တပ်ဖွဲ့ ရန်ပုံငွေ ကောက်ခံနေသည့် နေရာ တခုလည်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မေလ အတွင်းတွင်လည်း မူဆယ်မြို့ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( TNLA )တို့သည် နောင်ယန်း မြစ်ဆိပ်ကို မနက် ၄နာရီခန့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲ၊ ပြည်သူ့စစ် နှင့် အရပ်သား ၂၀ ဦး သေဆုံးခဲ့ပြီး အရပ်သား ၂၆ ဦး ဒဏ်ရရှိခဲ့သည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...