ကျောက်ဖြူ မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးကျော်လွင်ကို ဒီဇင်ဘာလ ၂ ရက်နေ့၊နေ့လည် (၁) နာရီအချိန်တွင်ကျောက်ဖြူမြို့၌ ကွမ်းချောင်းကျေးရွာက ဒေသခံ(၄၀၀)ကျော်က ဆန္ဒပြကြသည်။
ဆန္ဒပြရခြင်းမှာ ၂၀၁၈၊၂၀၁၉ ခုနှစ်အတွက် ပြန်လည်ပြုပြင်ရန်အတွက် လျာထားသည့် ဘတ်ဂျက်တွင်ပါဝင်သည့် ကွမ်းချောင်းပြွန်ကာရီ(ဆည်)အစား ကပိုင်ချောင်းပြွန်ကာရီ(ဆည်)ကို ပြန်လည်ပြုပြင်မည်ဟု ပြည်နယ်လွှတ်တော်တွင် ပြောင်းလဲလိုက်သောကြောင့် ၎င်းကို မကျေနပ်သဖြင့် ဆန္ဒဖော်ထုတ် ကြခြင်းဖြစ်သည်။
"ကျွန်တော်တို့ပထမဦးဆုံးထွက်လာတဲ့စာရွက်က ဒိုးမကမ်းထောင်းဆိုတဲ့ကာရီနဲ့ အမှတ်စဉ်(၃၃)လားတော့ ကျွန်တော်မမှတ်မိဘူးပေါ့။ ဒီအတိုင်းအတာနဲ့ တောင်ညို ဝါးချောင်းကာရီရယ်၊ ကျွန်တော်တို့ကာရီရယ်၊ ဒိုးမကမ်းထောင်းကာရီရယ်၊ တစ်ပါတည်းထွက်လာပါတယ်။ ဇူလိုင်လတုန်းက ထွက်လာပါတယ်။ နောက်ထပ်ထွက်လာတာက ကပိုင်ချောင်းပြွန်ဆိုပြီးတော့ ထွက်လာပါတယ်။ ဒီစာရွက်တွေဟာ ကျွန်တော်တို့လက်ထဲမှာ ရှိပါတယ်။ ဒီလိုအပြောင်းအလဲတွေကို မကျေနပ်တဲ့အတွက် အခုလို ဆန္ဒဖော်ထုတ် ရတာဖြစ်တယ်"ဟု ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်ပါဝင်သူ ကွမ်းချောင်းဒေသခံ ဦးမောင်ချီးက ပြောသည်။
ကွမ်းချောင်းပြွန်ကာရီ(ဆည်)အစား ကပိုင်ချောင်း ပြွန်ကာရီ(ဆည်) ကိုပြန်လည်ပြုပြင်ရန် ပြောင်းလဲလိုက်ခြင်းမှာ ကပိုင်ချောင်းပြွန်ကာရီ(ဆည်)မှာ ကျိုးပေါက်ကျက်စီးနေပြီဖြစ်သောကြောင့် အမှန်တကယ်ပြုလုပ်ရန် လိုအပ်နေသည့်အတွက် ယင်းဆည်ကိုပြုပြင်ရန် ပြောင်းလဲလိုက်ခြင်းဟု ဆန္ဒပြခံရသူ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြန်လည်တုန့်ပြန်သည်။
"ကွမ်းချောင်းပြွန်ကာရီ(ဆည်)ကို ကပိုင်ချောင်းပြွန်ကာရီ(ဆည်)အဖြစ်ပြောင်းလဲရတာဟာ ကွမ်းချောင်းပြွန်ကာရီ(ဆည်)ကို လွန်ခဲ့တဲ့ ၂၀၁၄/၂၀၁၅ ခု ဘတ်ဂျက်မှာ ပြန်လည်ပြုပြင်ဆည်ဖို့ထားပြီး လက်ရှိအချိန်မှာ ကပိုင်ချောင်းပြွန်ကာရီ (ဆည်) ကျိုးပေါက်ပျက်စီးနေတာဖြစ်လို့ အမှန်တစ်ကယ် လိုအပ်နေတဲ့ ကပိုင်ချောင်းပြွန်ကာရီသို့ပြောင်းလဲရတာဖြစ်တယ်။ ဆန္ဒပြတာဟာ မသမာသူတစ်စုက ပြည်သူတွေနဲ့နားလည်မှုလွဲ အောင်လုပ်ဆောင်တာဖြစ်တယ်လို့" ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးကျော်လွင်က ပြောသည်။
အဆိုပါ ဆန္ဒဖော်ထုတ်ရာတွင် ပြည်သူ့ဆန္ဒအလေးမထားသော အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်အားအလိုမရှိ၊ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင် လူထုဆန္ဒကိုအလေးထားပါ၊ ကွမ်းချောင်းပြွန်ကာရီသည် ငါတို့အသက် စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။







