ရန်ကုန်တိုင်း၊ကျောက်တန်းမြို့နယ်တွင် ဖမ်းဆီးခံရသည့် ဘင်္ဂါလီ(၁၀၀)ကျော်မှာ ရခိုင်ပြည်နယ်တွင် နေထိုင်ခဲ့ဖူးသည့် အထောက်အထားတွေ့ရသောကြောင့် ရခိုင်သို့ ပြန်ပို့ရခြင်းဟု အစိုးရဘက် ဖြေရှင်းလိုက်သည်။
နိုဝင်ဘာလ (၂၁) ရက်နေ့က နေပြည်တော်တွင် ရခိုင်အရေးနှင့်ပတ်သက်ပြီး ရခိုင်လွှတ်တော်ကိုယ်စားလှယ် များနှင့် အစိုးရအဖွဲ့ဝင်များ အလွတ်သဘောဆွေးနွေးခဲ့ကြသည်။ယင်းေဆွးနွေးပွဲတွင် ကျောက်တန်းတွင် ဖမ်းမိသည့် ဘင်္ဂလီ (၁၀၀)ကျော်ကို ရခိုင်သို့ ပြန်ပို့လိုက်ခြင်းနှင့်ပတ်သက်ပြီး ရခိုင်သို့ ပြန်ပို့ပြီး လှောင်ပိတ်မထားသင့်ကြောင့် လွှတ်တော်ကိုယ်စားလှယ်များက တင်ပြခဲ့ကြသည်။
“ ကျောက်တန်းကနေ ဘင်္ဂါလီ ၁၀၀ ကျော်ကို ပြန်ပို့လိုက်တဲ့ ကိစ္စကိုတော့ အရင်တုန်းကအတိုင်း မကြာခဏဆိုသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှေစီးဒုက္ခသည်တွေကိုလည်း ရခိုင်ကိုပဲပြန်ပို့ခဲ့တာကို အားလုံးလိုလိုရခိုင်သို့ပြန်လွှတ်ပြီး လှောင်ပိတ်မထားသင့်ကြောင့် တင်ပြပြောဆိုခဲ့တယ်။ အဲဒီအပေါ်မှာကျတော့ သူတို့တွေဟာ ရခိုင်မှာဘဲနေထိုင်ဖူးတဲ့ အထောက်ထားတွေတွေ့တာကြောင့် ရခိုင်သို့ပြန်ပို့ရခြင်းဖြစ်ေကြာင်း သက်ဆိုင်ရာဝန်ကြီးဋ္ဌာနက ဖြေကြားခဲ့တယ် ” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ရသေ့တောင်မြို့နယ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက DMG ကို ပြောသည်။
နိုဝင်ဘာလ ၁၆ ရက်နေ့က ရခိုင်ပြည်နယ်မှ ဘင်္ဂလီ (၁၀၀)ကျော် တင်ဆောင်လာသည့် လှေတစ်စီးကို ကျောက်တန်းမြို့နယ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီး ၎င်းတို့ကို စိစစ်ပြီးနောက် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်သို့ ပြန်လည်ပို့လိုက်သည်။
အဆိုပါ ဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၊ လဝက ညွှန်ချုပ်၊ လူကယ်ပြန်ညွှန်ချုပ်နှင့် ရဲမှူးကြီးတို့ တက်ရောက်ခဲ့ကြသည်။







