သမ္မတရုံး ဒုဝန်ကြီးကို ပြည်ထောင်စုအစိုးရဝန်ကြီးအဖြစ် ပြောင်းခန့်ဖို့ လျာထား

သမ္မတရုံး ဒုဝန်ကြီးကို ပြည်ထောင်စုအစိုးရဝန်ကြီးအဖြစ် ပြောင်းခန့်ဖို့ လျာထား

လစ်လပ်နေသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး နေရာတွင် လက်ရှိ သမ္မတရုံးဒုဝန်ကြီး ဦးမင်းသူကို ခန့်အပ်တာဝန်ပေးလိုကြောင်း သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြလိုက်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် ကနဦးက တာဝန်ယူထားသည့် ဦးသောင်းထွန်းကို အသစ်ဖွဲ့စည်းလိုက်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွးဆက်သွယ်ရေးဝန်ကြီးအဖြစ် ပြီးခဲ့သည့် ရက်ပိုင်းက ပြောင်းလဲ တာဝန်ပေးခဲ့သည်။

ထို့ကြောင့် လက်ရှိ လစ်လပ်နေသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးနေရာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိသူ ဦးမင်းသူကို ခန့်အပ်တာဝန်ပေးရန် သမ္မတက လွှတ်တော်သို့ တင်ပြလာခြင်း ဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးလိုသူ ဦးမင်းသူ၏ ကိုယ်ရေးအကျဉ်း အပြည့်အစုံကို နိုဝင်ဘာ ၂၆ရက်က ပြည်ထောင်စုလွှတ်တော်အပြီး လွှတ်တော်အမတ်များထံ ဖြန့်ဝေထားပြီး ကန့်ကွက်လိုသည့် လွှတ်တော်အမတ်များ ရှိပါက ခိုင်လုံသည့် သက်သေအထောက်အထားများဖြင့် နိုဝင်ဘာ ၂၉ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြရန် လွှတ်တော်နာယက ဦးတီခွန်မြတ်က ညွှန်ကြားထားသည်။

“ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်လိုကြောင်း တင်ပြထားတဲ့ ပုဂ္ဂိုလ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ ပုဒ်မခွဲ (က)မှာ သတ်မှတ်ထားတဲ့ အရည်အချင်းများနဲ့ မပြည့်စုံကြောင်း သက်သေ အထင်အရှားပြ၍ ကန့်ကွက်လိုတဲ့ လွှတ်တော်ကိုယ်စားလှယ်ရှိပါက ၂၈.၁၁.၂၀၁၈ ညနေ ၄နာရီနောက်ဆုံးထားပြီး ပေးပို့နိုင်ကြောင်း ကြေငြာပါတယ်” ဟု ဦးတီခွန်မြတ်က ပြောသည်။

အသက် ၆၂နှစ်အရွယ် ဦးမင်းသူ၏ ပညာအရည်အချင်းမှာ သိပ္ပံဘွဲ့(စစ်တက္ကသိုလ်)၊ မဟာဝိဇ္ဇာဘွဲ့(ကာကွယ်ရေးပညာ)ဖြစ်ပြီး တပ်မတော်(လေ)တွင် ဗိုလ်မှူးကြီး ရာထူးဖြင့် အငြိမ်းစားယူခဲ့သူ ဖြစ်သည်။

အငြိမ်းစားယူပြီးနောက် နေပြည်တော်ကောင်စီဝင်အဖြစ် တာဝန်ပေးခံရပြီးနောက် သမ္မတရုံးဒုဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံရသူဖြစ်ကာ ယခုနောက်ဆုံး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် အဆိုပြုခြင်း ခံရသူလည်း ဖြစ်သည်။

NLD အစိုးရ စတင်ဖွဲ့စည်းစဉ်က ဝန်ကြီးဋ္ဌာနပေါင်း ၂၁ခုသာ ရှိခဲ့သော်လည်း လက်ရှိ အစိုးရသက်တမ်း တစ်ဝက်ကျော်လာချိန်တွင် ဝန်ကြီးဋ္ဌာနပေါင်း ၂၅ခုဖြင့် အစိုးရယန္တယားကို လည်ပတ်လျက် ရှိသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...