ရက္ခိုင့်တပ်မတော် (AA)နှင့် မြန်မာ့တပ်မတော်တို့ ကုလားတန်မြစ်နှင့် ပီချောင်းအကြား နတ်ချောင်းဝ အနောက်ဘက်တွင် နိုဝင်ဘာလ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရက္ခိုင့်တပ်မတော်(AA)မှ သတင်းထုတ်ပြန်ထားသည်။
မြန်မာ့တပ်မတော် စကခ(၅)- တောင်ကုတ်မြို့လက်အောက်ခံ အမ်းအခြေစိုက် ခမရ(၃၇၃)နှင့် ရက္ခိုင့်တပ်မတော် (AA)တို့ တိုက်ပွဲဖြစ်ပွားရာ မြန်မာ့တပ်မတော်ဘက်မှ ၂၀ ဦးခန့် ကျဆုံးသွားသည်ဟု ရက္ခိုင့်တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပွင့်လင်းရာသီရောက်တိုင်း မြန်မာ့တပ်မတော်ဘက်မှ ထိုးစစ်များ ပြုလုပ်လေ့ရှိသောကြောင့် ယခုလိုတိုက်ပွဲများ နေ့စဉ်ဖြစ်ပွားရခြင်းဖြစ်သည်ဟု ယင်းထုန်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် နိုဝင်ဘာလ (၁၃)ရက်နေ့ကလည်း အိန္ဒိယ-မြန်မာနယ်စပ်အနီး ရွေလိပ်ဝကျေးရွာ အရှေ့မြောက် (၄)ကီလိုမီတာခန့်အကွာတွင် တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။








