ကျောက်ဖြူမြို့နယ်၊ ပြင်ဖြူမော်ကျေးရွာရှိ မြစ်ကမ်းဘေးတွင် သဲထုတ်ယူမှုများကြောင့် ကမ်းနားတွင် ငါးဖမ်းသူများမှာ ထိုသဲတွင်းသို့ ကျပြီး သေဆုံးမှုများရှိနေသည်ဟု ဒေသခံ ရေလုပ်ငန်း လုပ်ကိုင်နေသူများက ပြောကြသည်။
အဆိုပါ မြစ်ကမ်းဘေးတွင် လွန်ခဲ့သည့် ၅ နှစ်မှ စတင်ပြီး စက်လှေများက သဲစုပ်ယူများ ရှိနေသည်။ ကမ်းအနီး ဆွဲပိုက်ချသူများမှာ ထိုသဲစုပ်သည့်တွင်းထဲသို့ မကြာခဏ ကျရောက်ပြီး လူသေဆုံးမှုအထိရှိကာ ငါးဖမ်းပိုက်များ မျောသွားမှုကြောင့်လည်း အခက်အခဲများ ရှိနေကြသည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး သက်ဆိုင်ရာကို တိုင်တန်းသော်လည်း လာရောက်တားမြစ်မှုများ မရှိကြောင်း ရေလုပ်ငန်း လုပ်ကိုင်သူများက ဆိုသည်။
" သဘောၤတွေနဲ့လှေတွေက ကမ်းနားကသဲတွေကို စုပ်သွားတာပါ။ ကမ်းနားမှာ ပိုက်ချတဲ့သူတွေအနေနဲ့ လုပ်ကိုင်ရတာ အဆင်မပြေတော့ဘူး။ မရှိဆင်းရဲတဲ့သူတွေအနေနဲ့ ငါးဖမ်းလှေတွေ မရှိတဲ့အတွက် ခါးပိုက်လုပ်ငန်းကို လုပ်ကိုင်နေရတာဖြစ်တယ်။ သွားရောက်ဟန့်တားရင်လည်း အထက်လူကြီးတွေကို သွားပြောဆိုပြီး ပြောတယ်။ လူတွေက သဲစုပ်တဲ့ တွင်းတွေထဲကျပြီး သေသွားတယ်” ဟု ရေလုပ်ငန်း လုပ်ကိုင်နေသူ ကိုမောင်ကျော်ရင်က ပြောသည်။
ယခုကဲ့သို့ မြစ်ကမ်းဘေးတွင် သဲစုပ်ယူမှုကို တရားဝင်ခွင့်ပြုထားခြင်း မရှိပေ။ တရားမဝင် သဲစုပ်ယူမှုများရှိလျှင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ တိုင်ကြားနိုင်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ဆိုသည်။
" ကျွန်တော်တို့အနေနဲ့ ဒီဖက်မှာ လျှောက်ထားတာတွေတော့ ရှိပေမယ့် လက်ရှိ ခွင့်ပြုထားတာတွေတော့ မရှိပါဘူး။ အရေးယူဆောင်ရွက်မယ်ဆိုရင် ပထမအချက်အနေနဲ့ တရားမဝင်လုပ်နေတာတွေကို သိဖို့ လိုအပ်ပါတယ်။ ပြီးတဲ့အခါမှ ဖမ်းဆီးအရေးယူ ဆောင်ရွက်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
ယင်းမြစ်ကမ်းဘေးတွင် လွန်ခဲ့သည့် (၆) လခန့်ကလည်း ညီအစ်ကိုနှစ်ဦး ငါးဖမ်းနေစဉ် အစ်ကိုဖြစ်သူမှာ သဲစုပ်သည့်တွင်းသို့ ကျကာ သေဆုံးမှုရှိခဲ့သည်။ ယင်းကြောင့် ဒေသခံ ရေလုပ်သားများမှာ သတိထားကာ ငါးဖမ်းနေရသည်ဟု ဒေသခံများက ဆိုကြသည်။







