စစ်တွေမြို့တွင် လက်လုပ်မိုင်း ပေါက်ကွဲမှုဖြင့် စွဲချက်တင်ခံနေရသည့် ဦးမောင်အေးဝင်းကို နိုဝင်ဘာလ ၁၆ရက်နေ့တွင် ထောင်ဒဏ် နှစ်(၃၀) ကျခံရန် စစ်တွေခရိုင်တရားရုံးက အမိန့်ချမှတ်လိုက်သောကြောင့် ပြည်နယ်တရားလွှတ်တော်တွင် အယူခံဝင်သွားမည်ဟု ယင်းအမှုကို လိုက်ပါဆောင်ရွက်ခဲ့သည့် တရားလွှတ်တော်ရှ့နေ ဒေါ်အေးနုစိန်က ပြောသည်။
ယခုကဲ့သို့ နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ခြင်းအပေါ် တရားမျှတမှုမရှိဟုဆိုကာ အယူခံဝင်သွား မည်ဟု ဒေါ်အေးနုစိန်က ဆိုသည်။
“ အမှုရင်ဆိုင်ခဲ့ရတဲ့ အနေအထားအရ သက်သေဖွင့်ချက်အရ အပြစ်ပေးတာဟာ ဥပဒေနဲ့ မညီဘူးလို့ ယူဆတဲ့အတွက် အယူခံထပ်ဝင်မှာဖြစ်တယ် ” ဟုဒေါ်အေးနုစိန်ကပြောသည်။
ဦးမောင်အေးဝင်းကို ဖမ်းမိခဲ့သည့်အချိန်တွင် မျက်မြင်သက်သေ တစ်ဦးမှမရှိသကဲ့သို့ ၊ဗုံးပေါက်ပြီး တစ်ပတ်အကြာတွင် သူ၏စားပွဲပေါ်တွင် တွေ့ရှိခဲ့သည့် ရီမုတ်ကွန်ထရိုးတစ်ခုကြောင့် ဗုံးပေါက်မှုကို သူကျုးလွန်သည်ဟု ယူဆခြင်းမှာ အကြောင်းပြချက်အားဖြင့်လည်းကောင်း၊ ဥပဒေအားဖြင့်လည်းကောင်း ညီညွှွတ်မှု မရှိဆိုသည့်အတွက်ကြောင့် အပြစ်မပေးသင့်ကြောင်း တရားရုံးတွင် တင်ပြခဲ့သည်ဟု ဒေါ်အေးနုစိန်က ဆိုသည်။
ပြည်နယ်တရားလွှတ်တော်တွင် အယူခံဝင်ရာတွင်လည်း အထက်ပါ တင်ပြခဲ့သည့်အချက်များကို တင်ပြမည်ဟုလည်း ၎င်းကဆက်လက်ပြောသည်။
“အမှုတစ်ခု ဖြစ်ပြီဟေ့ဆိုရင် တရားခံကို တွေ့အောင်ရှာရမယ်။ တရားခံဖြစ်ပြီဟေ့ ဆိုရင် ဘာပဲဖြစ်ဖြစ် အပြစ်ပေးရမယ် ဆိုတဲ့ တရားဥပဒေစိုးမိုးမှု မရှိတဲ့ အနေအထားကိုတော့ လုံးဝမလိုချင်ဘူး။ ပြစ်မှုကျုးလွန်သူ တစ်ရာ လွတ်သွားပါစေ၊ အပြစ်မရှိတဲ့ သူတစ်ယောက်ကို ပြစ်ဒဏ်မချရဘူးဆိုတဲ့ တရားစီရင်ရေးကို ချိုးဖောက်ရာ ရောက်တယ်”ဟု ဒေါ်အေးနုစိန်ကပြောသည်။
စစ်တွေမြို့တွင်ရှိသည့် ပြည်နယ်တရားလွှတ်တော်ရုံးရှေ့၊မြေစာရင်းရုံးရှေ့နှင့် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး မှူးဟောင်း ဦးတင်မောင်ဆွေ၏ နေအိမ်အနီးတို့တွင် ဖေဖော်ဝါရီလ၂၄ရက်နေ့က လက်လုပ်မိုင်း များပေါက်ကွဲ ခဲ့သည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ဦးမောင်အေးဝင်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေးပုဒ်မများဖြစ်သည့် အမှုအမှတ် ၂၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀(က)/(ဈ)၊ အမှုအမှတ် ၃၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀(ဈ)နှင့် အမှုအမှတ် ၃၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀ (ဈ) များဖြင့် တစ်မှုကိုထောင်ဒဏ် (၁၀)နှစ်စီဖြင့် နှစ်သုံးဆယ် ချမှတ်လိုက်ခြင်းဖြစ်သည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးမောင်အေးဝင်းအပါအဝင် သံသယရှိသူ ၉ ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး နှစ်ဦးကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁၃(၁)ဖြင့် ထောင်ဒဏ် (၆) လစီချမှတ်လိုက်ပြီး (၅) ဦးကို အာမခံဖြင့် လွှတ်ပေးလိုက်သည်။ တစ်ဦးမှာ အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်သွားခဲ့သည်။







