“ဒီလ ၁၁ ရက်နေ့ညက ကျနော့်ဆီ ပွဲစားက ဖုန်းဆက်လာပါတယ်။ မင်းတို့ ရွာသားတွေနဲ့ပတ်သက်လို့ ရဲကိုတိုင်မယ်ဆိုရင် မင်းတို့လူတွေကို အကုန်လုံးသတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပါတယ်။ ပြီးတော့ ဖုန်းချသွားပါတယ်။ သူဆက်တဲ့ဖုန်းကို ပြန်ဆက်လို့လည်း မရတော့ပါဘူး”ဟု မြေပုံမြို့နယ်၊ ရေခေါင်းချိန်ကျေးရွာမှ လူကုန်ကူးခံရသူနှင့် နီးစပ်သူ ဦးမောင်သန်းနွယ်ကပြောသည်။
ယခုလူကုန်ကူးခံနေရသူ ၅၂ ဦးမှာ မြေပုံမြို့နယ်ရှိ ရေခေါင်းချိန်ကျေးရွာ၊ ကျွဲနဇူးကျေးရွာနှင့် ပေါက်တူးတောင်ကျေးရွာတို့မှ ဖြစ်ကြပြီး ယင်းတို့အားလုံးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့မှစတင်ကာ ပွဲစားလှထွန်းတင်က ခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များက ဆိုသည်။
ယင်းသို့ခေါ်ဆောင်ပြီးနောက် ယခုအချိန်ထိ သူတို့နှင့် အဆက်အသွယ်မရဘဲ လူကုန်ကူးခံနေရပြီဟု တရုတ်နိုင်ငံတွင် ရောက်ရှိနေသည့် ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်ဟု မိသားစုဝင်များက ပြောသည်။
“သူတို့တွေအကုန်လုံး လူကုန်ကူးခံနေရတယ်လို့ သိရပါတယ်။ မိသားစုဝင်တွေအားလုံးလည်း ကြောင့်ကြစိတ်နဲ့ ငိုသူငိုနေကြပါပြီ။ ရဲတိုင်ရင် သတ်ပစ်မယ်ဆိုလို့လည်း ပိုပြီး စိုးရိမ်မိပါတယ်။ နိုင်ငံတော်အကြီးအကဲတွေအနေနဲ့ ဒါကို ကယ်တင်ပေးပါ”ဟု ကျွဲနဇူးကျေးရွာမှ လူကုန်ကူးခံရသူ၏ မိသားစုဝင်တစ်ဦးက ဆိုသည်။
အဆိုပါ ၅၂ ဦးအပြင် ပေါက်တောနှင့် ကျောက်တော်မြို့နယ်များမှ ဒေသခံ ၁၆ဦးလည်း တရုတ်နိုင်ငံတွင် ရောင်းစားခံနေရသည်ဟု ယင်းတို့၏ မိသားစုဝင်များက ဆိုသည်။
ယင်း ၁၆ ဦးထဲတွင် ပေါက်တောမြို့နယ်မှ သရက်ချောင်းကျေးရွာနှင့် ကျောက်တော်မြို့နယ်မှ ပုဏ္ဏားကျေးရွာ၊ ဇင်းခါချေကျေးရွာ၊ တောင်ပေါက်လေနှင့် ငါးတပေါင်းကျေးရွာတို့မှဖြစ်ကြကြောင်း သိရသည်။
ယင်းတို့ကို ယခုနှစ်ဖေဖော်ဝါရီလမှစတင်ကာ ပေါက်တောမြို့နယ်၊ သရက်ချောင်းကျေးရွာမှ သာထွန်းဦးဆိုသူက တရုတ်နိုင်ငံသို့ ပို့ပေးမည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။
“တရုတ်နိုင်ငံ ကွန်တုံမြို့ရဲ့ ပရိဘောဂစက်ရုံမှာ နှစ်လလောက် အလုပ်လုပ်ပြီးမှ လစာမရတဲ့အခါ အခုလိုရောင်းစားခံနေရတာကို သိရတာပါ။ အဲဒီနောက် အဲဒီစက်ရုံကနေ ယောက်ျားနှစ်ယောက်နဲ့ မိန်းမ တစ်ယောက်တို့ ထွက်ပြေးလာပြီး မိသားစုဝင်တွေဆီ ဆက်သွယ်ပြောလို့ ကျနော်တို့သိရပါတယ်။ ကျနော်တို့ပွဲစားကိုလည်း ဆက်သွယ်လို့လည်း မရ၊ ရှာလို့လည်း မရတော့ပါဘူး”ဟု ရောင်းစားခံရသည့် သူများထဲတွင် ပါဝင်သွားသည့် ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျေးရွာမှ အသက် ၂၁ နှစ်အရွယ် မောင်နေဝင်းစိုး၏ ဖခင် ဦးထွန်းရွှေလှက ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး မိသားစုဝင်များက ကျောက်တော်မြို့မရဲစခန်းတွင် မေလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက သွားရောက် တိုင်တန်းခဲ့သော်လည်း သတင်းအတိအကျမရသေး၍ဟုဆိုကာ ရဲစခန်းက တိုင်ကြားမှုကို လက်မခံဘဲ ပယ်ချလိုက်သည်ဟု သွားရောက်တိုင်ကြားခဲ့သည့် မိသားစုဝင်များက ဆိုသည်။
ပြီးခဲ့သည့် ၂ဝ၁၄ ခုနှစ်ကလည်း ရခိုင်ပြည်နယ် မြေပုံမြို့နယ်နှင့် အမ်းမြို့နယ်အတွင်းမှ ဒေသခံ ၂၂ ဦး ထိုင်းနိုင်ငံတွင် ရောင်းစားခံခဲ့ရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း ရခိုင်ပြည်နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ထံက ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။







