“ဟုတ်ပါတယ်။ ဆိုင်ခန်း ၂၁ ခန်း မီးထဲပါသွားပါတယ်။ နှစ်ထပ် ဆိုင်ခန်းတွေပါ။ အကုန်လုံး လောင်တာတော့ မဟုတ်ပါဘူး။ တစ်ဝက် တစ်ပျက် ပျက်စီးသွားတာပါ။ ညနေ ၈ နာရီကနေ လောင်တာ နံနက် အစောကြီး ၃ နာရီခန့်မှာ မီးညွှန့် ကျိုးသွားပါတယ်” ဟု မောင်တောမြို့နယ် ရဲမှူးက နိရဥ္စရာသို့ အတည်ပြုကြားသည်။
ဆုံးရှံုးမှု တန်ဖိုးမှာ ကျပ် သိန်းပေါင်း ၄၈၃ ခန့်ရှိသည်ဟု မြို့နယ် ရဲမှူးက ပြောဆိုသည်။
“လောင်တာကတော့ ပေါ့ဆမီးလို့ ယူဆရပါတယ်။ ခြင်ဆေးခွေ ထွန်းထားရာကနေ လောင်တာလို့ ယူဆရပါတယ်။ မူဆလင်တွေ ပိုင်တဲ့ ဆိုင်ခန်းတွေပါ။ အခု ဘယ်ဆိုင်ခန်းက စလောင်တယ်ဆိုတာ စုံစမ်း စစ်ဆေးနေပါတယ်” ဟု သူက ပြောဆိုသည်။
မီးလောင်မှုကြောင့် လူပေါင်း ၂၀ ခန့်ကို ဖမ်းဆီးထားကြောင်း သတင်းထွက်ပေါ်နေသော်လည်း ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း စုံစမ်း စစ်ဆေးနေသည့် အဆင့်တွင်သာ ရှိသေးကြောင်း မြို့နယ်မှူးက ဖြည့်စွတ်ပြောဆိုသည်။
ယခု မီးလောင်သော ဆိုင်ခန်းများသည် မောင်တော ဗလီကြီးရှေ့တွင် တည်ရှိသော ဆိုင်ခန်းများ ဖြစ်ကြပြီး ယင်းဆိုင်ခန်းများတွင် အိမ်ဆောက် ပစ္စည်းများ၊ ငါးဖမ်းပိုက်များ၊ ပလပ်စတစ် ကြိုးများနှင့် လူသုံး အလှကုန် ပစ္စည်းများ ရောင်းချကြသည်ဟု သိရသည်။
မီးလောင်နေစဉ်အတွင်း မောင်တောမှ မီးသတ်ကား နှစ်စီးနှင့် ဘူးသီးတောင်မှ မီးသတ်ကား နှစ်စီးမှ ၀ုိင်းဝန်း ငြိမ်းသတ်ခဲ့ရသည်ဟု သိရသည်။
ယခုအခါ မီးလောင်မှုကို စုံစမ်းနေပြီး မီးလောင်မှုနှင့် ဆက်စပ်သူများကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားပါမည်ဟု သိရသည်။







