KNU မတက်သဖြင့် နိုင်ငံရေးဆွေးနွေးမှုပြင်ဆင်ရေးမူဘောင်အစည်းအဝေး ဆုံးဖြတ်ချက် ချမည်မဟုတ်

KNU မတက်သဖြင့် နိုင်ငံရေးဆွေးနွေးမှုပြင်ဆင်ရေးမူဘောင်အစည်းအဝေး ဆုံးဖြတ်ချက် ချမည်မဟုတ်

KNU မှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သို့ ပေးပို့ခဲ့သည့် စာနှင့်ပတ်သက်ပြီး ယခု တွေ့ဆုံမည့် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ပြင်ဆင်ရေး အစည်းအဝေးသည် ဆုံးဖြတ်ချက် ချမည့် ဆွေးနွေးပွဲ မဟုတ်ကြောင်း သမ္မတရုံး၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

“ဖိတ်ပြီးမှ ဒီ Statement ထွက်လာတယ်။ ထွက်လာတော့ ကျွန်တော်တို့ကတော့ မူလအတိုင်းပဲ ဆုံးဖြတ်ချက် ချမှာ မဟုတ်ဘူး။ရီဗျူး လုပ်မှာပေါ့။ ဆုံးဖြတ်ချက်က UPDJC မှာပဲ လုပ်လို့ရတယ်။ ဒီတော့ EAO က သူ့ရဲက သဘောသဘာဝက ဘယ်လို သွားလဲဆိုတော့ ဒီ NCA ထိုးထားတဲ့ အဖွဲ့အစည်းတွေက Common Decision နဲ့ သွားတာ။ တစ်ဖွဲ့ချင်းရဲ့ သဘောထားနဲ့ သွားတာ မဟုတ်ဘူး။ အားလုံးရဲ့ သဘောထားနဲ့ သွားတာ။ ဒီမှာ လာတက်တဲ့ EAO တွေက သယ်သွားပြီး သူတို့ချင်း ပြန်ထိုင်ဦးမှာ။ ပြန်ထိုင်ပြီးမှ UPDJC မှာ ဆုံးဖြတ်ချက် ချမှာ။ KNU လည်း ပါမှာပေါ့။ ကျွန်တော်တို့ကတော့ အဲလို စဉ်းစားထားတယ်။” ဟု သမ္မတရုံး၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်၊ နေပြည်တော်ရှိ သမ္မတအိမ်တော်တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောခဲ့ခြင်း ဖြစ်သည်။

NCA လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) အနေဖြင့်အဖွဲ့အတွင်း အခြေအနေ များကြောင့် လတ်တလော ကျင်းပမည့် ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးများတွင် ပါဝင်မှုယာယီ ဆိုင်းငံ့ ထားကြောင်း NRPC ဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အောက်တိုဘာ ၂၇ ရက်စွဲ ဖြင့် စာပေးပို့ခဲ့ခြင်းဖြစ်သည်။

နိုဝင်ဘာလဆန်း ၁ ရက်မှ ၃ ရက်နေ့အထိ ရန်ကုန်မြို့၊ NRPC တွင် နိုင်ငံရေး ဆွေးနွေးမှု မူဘောင်ပြင်ဆင်ရေး အစည်းအဝေး ကျင်းပမည်ဖြစ်ပြီး အပစ်ရပ် EAO အဖွဲ့များအပြင် အပစ်ရပ်လက်မှတ်ထိုးမထားသည့် ၀၊ မိုင်းလား၊ SSPP၊ KIA/KIO ၊ KNPP အဖွဲ့ ၅ ဖွဲ့ပါ ဖိတ်ကြားထားခြင်း ဖြစ်သည်။

“ လာမဲ့ ၁ ရက်၊ ၂ ရက်၊ ၃ ရက် ရန်ကုန် NRPC မှာ လုပ်မယ်။ လုပ်ဖို့လည်း ကျွန်တော် ဖိတ်စာတွေ ဖိတ်ထားတယ်။ ဖိတ်လိုက်တဲ့အချိန်မှာ နိုင်ငံရေးပါတီအစုအဖွဲ့က အဆင်ပြေတယ်။ အစတုန်းက  ၂၉၊ ၃၀ ၊ ၃၁ အဆင်ပြေလားဆိုပြီး မေးလိုက်တယ်။ မေးလိုက်တော့ နိုင်ငံရေးပါတီဖက်က ဧရာဝတီတိုင်းမှာ  နိုင်ငံရေးအစုအဖွဲ့ရှင်းလင်းပွဲရှိတယ်။ အဲဒီတော့ ၂၉၊ ၃၀ ၊ ၃၁ က အဆင်မပြေဘူး၊ ၁၊ ၂ ၊ ၃ လုပ်ပေးပါလို့ ပါတီဖက်က ပြန်တယ်။ EAO ဘက်ကို မေးလိုက်တယ်။ ၁၊ ၂ ၊ ၃အဆင်ပြေလားဆိုတော့ အဆင်ပြေတယ် ဆိုတော့ ကျွန်တော် ဖိတ်လိုက်တယ်။ ဖိတ်တဲ့အခါမှာ ဒီ လက်မှတ်ထိုးတဲ့အဖွဲ့တွေအပြင် လက်မှတ်မထိုးတဲ့ အဖွဲ့့ ၅ ဖွဲ့ ဖိတ်ထားတယ်။” ဟု ဦးဇော်ဌေးက ပြောသည်။

လတ်တလော ကျင်းပမည့် အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းခေါင်းဆောင်များ၏ ဆွေးနွေးပွဲ များတွင် ကရင်အမျိုးသားအစည်းအရုံး(KNU ) အနေဖြင့် ပါဝင်မှုယာယီရပ်ဆိုင်းထားပြီး နိုဝင်ဘာနှောင်းပိုင်းမှ သာ ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိသည်ဟု KNU ဗဟိုအလုပ်အမှုဆောင် ဖဒိုမန်းငြိမ်းမောင်က အောက်တိုဘာလ ၂၉ ရက်တွင် မဇ္စျိမသို့ ပြောသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်မှုတွင် အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်မှုဖြစ်ရန်နှင့် အဖွဲ့အစည်းတစ်ခုလုံး တစ်ညီ တစ်ညွတ်တည်းပါဝင်ရန်၊ လုံလောက်သည့် အချိန်တစ်ခုယူရန်လိုအပ်သည့်အတွက် ထိုသို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း KNU က ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်တွင် မိုင်းလားမှ တက်ရောက်ရန် တရားဝင်အကြောင်းပြန်ထားပြီး SSPP ကလည်း တက်နိုင်ဖွယ် ရှိကာ ဝမှ တက်ရောက်ရန် အခက်အခဲရှိကြောင်း ပြောဆိုထားပြီး ဖြစ်သည်ဟု ဦးဇော်ဌေးပြောဆိုချက်အရ သိရသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...