Eleven Media ကိစ္စအတွက် ရန်ကုန်တိုင်းအစိုးရထံ သမ္မတမှ လမ်းညွှန်ထားကြောင်း ဦးဇော်ဌေး ပြောကြား

Eleven Media ကိစ္စအတွက် ရန်ကုန်တိုင်းအစိုးရထံ သမ္မတမှ လမ်းညွှန်ထားကြောင်း ဦးဇော်ဌေး ပြောကြား
by -
မင်းမင်း

Eleven Media Group မှသတင်းသမားများကို တရားစွဲခြင်းအတွက် ရန်ကုန်တိုင်းအစိုးရအား သမ္မတမှ လမ်းညွှန်မှုပေးခဲ့ပြီဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အောက်တိုဘာ ၈ ရက်နေ့ထုတ် Eleven ဂျာနယ်တွင် “ အမြဲရှုံး နေတဲ့ စက်သုံးဆီ ဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါး ပါအချက်အလက်များကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် က တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထိုသို့ တရားစွဲဆိုထားမှုကို ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ အောက်တိုဘာလ ၁ဝရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တင်ပြထားပြီး အဆိုပါကိစ္စအတွက် နိုင်ငံတော်သမ္မတက အချက် ၃ ချက်ပါသော ဘမ်းညွှန်ချက်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရထံသို့ ပြန်လည်ပေးပို့ခဲ့သည်။

“ဒီကိစ္စနဲ့ ပတ််သက်လို့ တိုင်းဒေသကြီး အစိုးရကနေပြီးတော့ လူကြီးတွေကို တင်ပြတယ်။ တင်ပြတဲ့အပေါ်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကနေပြီးတော့ နိုင်ငံတော်သမ္မတဆီ လမ်းညွှန်မှု ခံယူတယ်။နိုင်ငံတော်သမ္မတရဲ့ လမ်းညွှန်မှုကို တိုင်းဒေသကြီး အစိုးရကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကနေပြီးတော့ ပြန်ပြီးတော့ လမ်းညွှန် တာပါ။ အသေးစိတ်ကတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့သာ မေးလိုက်ပါ။အဓိကက တရားစွဲတဲ့ဟာနဲ့ ပတ်သက်လို့ ဘယ်လို ဘယ်လို လုပ်ရမယ်ဆိုတာ လမ်းညွှန်ပြီးတော့ ထုတ်ထားတယ်”ဟု ဦးဇော်ဌေးက ပြောသည်။

နေပြည်တော်တွင် အောက်တိုဘာ ၁၈ရက်နေ့က ကျင်းပသော UEHRD စီမံကိန်း နှစ်ပတ်လည် အခမ်းအနား အပြီးတွင် ဦးဇော်ဌေးက မီဒီယာများကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သမ္မတ၏လမ်းညွှန်မှုများတွင် သတင်းမီဒီယာဥပဒေပုဒ်မ - ၂၁ အရ နစ်နာသော အဖွဲ့အစည်း၊ ဌာန (သို့မဟုတ်) ပုဂ္ဂိုလ်သည် ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ တိုင်ကြားရန်၊ သတင်းမီဒီယာဥပဒေ ပုဒ်မ -၂၂ အရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် နှစ်ဖက်တွေ့ဆုံညှိနှိုင်းဖြေရှင်းပေးရန်၊သတင်းမီဒီယာဥပဒေ ပုဒ်မ - ၂၃ အရ ညှိနှိုင်းဖြေရှင်းရာ၌ ပြေလည်မှု မရှိပါက တိုင်ကြားသူ (သို့မဟုတ်) ကျေနပ်မှုမရှိသူသည် သက်ဆိုင် ရာ တရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲရန် လမ်းညွှန်မှု ပေးခဲ့သည်။

ထိုသို့ သမ္မတမှ လမ်းညွှန်ပြီးနောက် Eleven Media Group မှ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ တာဝန်ခံ အယ်ဒီတာကိုနရီမင်းနှင့် သတင်းထောက်ချုပ် ကိုဖြိုးဝေဝင်း တို့အား အောက်တိုဘာလ(၈)ရက်နေ့ထုတ် Weekly Eleven New ဂျာနယ်စာမျက်နှာ (၂၆) တွင်ဖော်ပြထားသော ဆောင်းပါးနှင့် ပတ်သက်ပြီး ညှိနှိုင်း ဆောင်ရွက်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ အောက်တိုဘာ ၁၈ ရက် နေ့တွင် လာရောက်တိုင်ကြားခဲ့သည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...