Eleven မီဒီယာကို တရားစွဲဆိုပြီးမှ တိုင်းအစိုးရ သတင်းမီဒီယာကောင်စီသို့ တိုင်ကြား

Eleven မီဒီယာကို တရားစွဲဆိုပြီးမှ တိုင်းအစိုးရ သတင်းမီဒီယာကောင်စီသို့ တိုင်ကြား
by -
ဇေယျာမော်

 ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် Weekly Eleven ပါ ဆောင်းပါးနှင့်ပတ်သက်ပြီး တရားစွဲဆိုပြီးနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင်က ယနေ့ သတင်းမီဒီယာကောင်စီသို့  လာရောက်တိုင်ကြားခဲ့သည်။

“ဟုတ်တယ်။ ဒီနေ့ပဲ တိုင်တာ၊ နေ့လယ် ၁၂ နာရီလောက်က လာတိုင်တယ်။ အမှုဖွင့်ထားတဲ့ဦးအောင်ကျော်ခိုင် ကိုယ်တိုင် လာတိုင်တယ်။ တိုင်ကြားစာကို လက်ခံတယ်။ အစ်ကိုတို့ကတော့ ပြောလိုက်တယ်။ ဒါမျိုးတိုင်တယ် ဆိုရင်  လက်ရှိ တရားရင်ဆိုင်နေရတဲ့ကိစ္စကို ရုတ်သိမ်းပေးဖို့ လိုတယ်ပြောလိုက်တယ်။ သူကလည်း ဒီတိုင်စာ လာပို့တယ်ပေါ့။ ပုံစံ ထပ်ဖြည့်ဖို့လိုတယ်။ မနက်ဖြန် ၁ နာရီ လာပါဆိုပြီး ပြောလိုက်တယ်။ ဒီတော့ မနက်ဖြန်မှ ဂဃနဏ သိမယ်။ မနက်ပိုင်း သူ့မတိုင်မီ Eleven ကို ခေါ်ထားတယ်။ ပြီးတာနဲ့ ရန်ကုန်တိုင်းအစိုးရကို ခေါ်ထား တယ်။ ကောင်စီကတော့ ဒီနှစ်ခုကို တတ်နိုင်သမျှ ကျေအေးအောင် ညှိနှိုင်းဆောင်ရွက်ဖို့ ကြိုးစားသွားမယ်” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။

အောက်တိုဘာ ၈ ရက်နေ့ထုတ် Eleven ဂျာနယ်တွင် “ အမြဲရှုံးနေတဲ့ စက်သုံးဆီ ဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဆောင်းပါး ပါအချက်အလက်များကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် က တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် Eleven မီဒီယာ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း ၊ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနှင့် အကြီးတန်းအယ်ဒီတာ ကိုဖြိုးဝေ တို့အား ဖမ်းဆီးပြီး အင်းစိန်ထောင်သို့ အောက်တိုဘာ ၁၀ ရက်နေ့ တွင် ပို့ဆောင်ခဲ့ခြင်း ဖြစ်ကာ လက်ရှိ တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁ ပါ အချက်အလက်များအရ တရားစွဲဆိုမှုကို ရုတ်သိမ်းရန် လိုအပ်ပြီး လက်ရှိ အချိန်တွင် တရားစွဲဆိုမှု ရုတ်သိမ်းမှု မရှိသေးကြောင်း သိရသည်။

“ သတင်းမီဒီယာဥပဒေအရ လာတိုင်ပြီဆိုရင် တရားစွဲဆိုထားတာကို ရုတ်သိမ်းဖို့ လိုအပ်တယ်ဆိုတဲ့ မက်ဆေ့ချ်ကို ပေးလိုက်ပြီ။ မနက်ဖြန် ၁ နာရီ ရုံးကိုပြန်ခေါ်တဲ့အချိန်မှ ဘာပြောမလဲ သိမယ်” ဟု မြန်မာနိုင်ငံ၊ သတင်းမီဒီယာကောင်စီ၊ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။

သတင်းမီဒီယာသမား ဖြိုးဝေ (ဆောင်းပါးရှင်)၊ ကျော်ဇောလင်း (တာဝန်ခံ အယ်ဒီတာ)၊ နရီမင်း(တာဝန်ခံ အယ်ဒီတာ) ၊ Eleven Media Group သတင်းမီဒီယာဌာနသည် သတင်းမီဒီယာဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) (င)(ဆ) (စျ) ပါ သတင်းမီဒီယာသမားတစ်ဦး၏ တာဝန်နှင့် ကျင့်ဝတ်စည်းကမ်းများကို ချိုးဖောက်သည့်အတွက် ညှိနှိုင်းဖြေရှင်းပြီး အရေးယူပေးပါရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးအောင်ကျော်ခိုင် က ယနေ့ အောက်တိုဘာ ၁၈ ရက် နေ့တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီသို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၁ သည် နစ်နာသောဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်သည် သတင်းမီဒီယာ သမားတစ်ဦးက  ပုဒ်မ ၉ တွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ကျင့်ဝတ်သိက္ခာတစ်ရပ်ရပ်ကို ချိုးဖောက်ကြောင်း ယူဆလျှင် ရှေးဦးစွာ ကောင်စီသို့ တိုင်ကြားနိုင်သည်။ ပုဒ်မ ၂၂ အရမှသာလျှင် ညှိနှိုင်းဖြေရှင်းမှု မပြေလည်ပါက သက်ဆိုင်ရာတရားရုံးတွင် ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်သည်ဟု သိရသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...