လက်နက်ကိုင်ဆောင်ထားသည့် တရုတ်တပ်ဖွဲ့ဝင်အချို့ မြန်မာဘက်အခြမ်းသို့ ဝင်ရောက်ကာ ဆင်ဖြူစျေး ကော်မတီရုံးဆောက်မှုကို ဝင်ရောက်တားမြစ်ခဲ့သည့်အပေါ် မြန်မာဘက်မှ တရုတ်ဘက်သို့ တရားဝင် ကန့်ကွက်စာ ပို့ထားကြောင်း မူဆယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးဥက္ကာက မဇ္ဈိမသို့ ပြောသည်။
အောက်တိုဘာ ၁၇ ရက်၊ နံနက် ၈ နာရီခန့်တွင် တရုတ်ဘက်မှ လက်နက်အပြည့်အစုံပါသည့် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀ ဦးခန့် မြန်မာဘက်ကို ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး ဆင်ဖြူစျေးကော်မတီတာဝန်ရှိသူများနှင့် တာဝန်ရှိသူများ၏ ဖြေရှင်းမှုကြောင့် နံနက် ၈ နာရီခွဲခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ၄င်းက ဆိုသည်။
“ သူတို့ဘက်က ရဲတို့၊ဘာတို့ ယူနီဖောင်းနဲ့လာတော့ သူတို့ဘက်က မှားသွားတာပေါ့။ လွန်သွားတာပေါ့။ ကျွန်တော်တို့လည်း ဒါနဲ့ ပတ်သက်ပြီးတော့ လက်မခံပါဘူး။ ကန့်ကွက်ထားပါတယ်။ တရားဝင် စာပို့ပြီး ကန့်ကွက်တာပါ။ တရုတ်ပြည်ပရေးရာဌာန ရှိပါတယ်ခင်ဗျ” ဟု မူဆယ်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူးက ဆိုသည်။
လတ်တလောတွင် မူဆယ်ခရိုင်အုပ်ချုပ်ရေးရုံးမှ တရုတ်ပြည်ပရေးရာဌာနသို့ ကန့်ကွက်စာ ပေးပို့ထားခြင်းဖြစ်ပြီး ၄င်းတို့ ဝင်ရောက်ကန့်ကွက်ခဲ့သည့် မြေနေရာ၏ နယ်နမိတ်ကို မြေတိုင်းအဖွဲ့မှ ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။
“ ပိုင်ဆိုင်မှုနဲ့ပတ်သက်ရင်တော့ နှစ်နိုင်ငံမြေတိုင်းအဖွဲ့ဆိုတာ ရှိတယ်ဗျ။ သူတို့ ဆုံးဖြတ်ပေးမှာပေါ့နော်။ ကျွန်တော်တို့ အရင်တည်းက နေလာတဲ့အစဉ်အလာ နေ နေတာတော့ အဲ့ဘက်မှာ အရင်ကတော့ ဘာအဆောက်အအုံမှတော့ မရှိပါဘူး။ အခု စျေးကော်မတီ ဆောက်တယ်ဆိုတော့ သူတို့ ကန့်ကွက်လာတဲ့ သဘောပေါ့။ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ နယ်ခြားတွေမှာ ခုနကပြသာနာတွေကို လိုက်တိုင်းတဲ့ သက်ဆိုင်ရာဌာန ရှိပါတယ်။ အဲ့ဌာနက တိုင်းပါလိမ့်မယ်” ဟု ဦးဥက္ကာက ပြောသည်။
ထိုသို့လာရောက်တားမြစ် ကန့်ကွက်စဉ် တရုတ်ဘက်မှ နယ်ခြားစောင့်ကင်းလှည့်ယာဉ် ၃ စင်းပါလာခဲ့သည် ဆိုသောသတင်းမှာလည်း မှန်ကန်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း၊ ပန်ဆိုင်း (ကြူကုတ်) ဘက်ရှိ ဖိုင်းကောင်း ကျေးရွာတွင် မြန်မာပိုင်နက်အတွင်း တူညီဝတ်စုံဝတ်ထားသော တရုတ်နိုင်ငံသားများ ဝင်ရောက်ကာ ခြံစည်းရိုးခတ်ရန် ကြိုးပမ်း၍ တားမြစ်ခဲ့မှု ဖြစ်ပေါ်ခဲ့သေးသည်။
ဖ်ိုင်းကောင်းကျေးရွာသည် ပန်ဆိုင်း (ကြူကုတ်) နှင့် မုံးကိုးလမ်းပေါ် တည်ရှိပြီး ၂ဝ၁၁ ခုနှစ်နောက်ပိုင်း ကတည်းက မြန်မာဘက်ခြမ်းက ဒေသခံများနှင့် တရုတ်နိုင်ငံအကြား နယ်စပ်ပြဿနာအငြင်းပွားမှုတွေ ရှိနေခဲ့ကြောင်းလည်းသိရသည်။
၂၀၁၄ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဘက်မှ ယူနီဖောင်းဝတ်များ ဝင်ရောက်လာကာ လယ်မြေ ဧက ၇၀ ခန့်ကို တိုင်စိုက်ပြီး ၄င်းတို့ပိုင်ကြောင်း သတ်မှတ်ခဲ့၍ နယ်စပ်အငြင်းပွားမှု ဖြစ်ပွားခဲ့သေးသည်။







