သုံးပွင့်ဆိုင်အစည်းအဝေးသို့ တပ်ချုပ်နေ့တဝက်သာ တက်ရောက်ခဲ့မှုအတွက် တိုင်းရင်းသားလက်နက်ကိုင် အချို့ အားမလိုအားမရ ဖြစ်နေ

သုံးပွင့်ဆိုင်အစည်းအဝေးသို့ တပ်ချုပ်နေ့တဝက်သာ တက်ရောက်ခဲ့မှုအတွက် တိုင်းရင်းသားလက်နက်ကိုင် အချို့ အားမလိုအားမရ ဖြစ်နေ
by -
မင်းမင်း
(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဝက်ဆိုက်ဒ်မှ)
(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဝက်ဆိုက်ဒ်မှ)

သုံးပွင့်ဆိုင် ထိပ်သီးဆွေးနွေးပွဲသို့ တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့ နေ့တဝက်သာ တက်ရောက်မှုအပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့ အားမလိုအားမရ ဖြစ်နေကြောင်း ချင်းအမျိုးသားတပ်ဦး(CNF) မှ ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

နေပြည်တော်တွင် အောက်တိုဘာလ ၁၅ ရက်နေ့ကစတင် ကျင်းပသည့် အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင််အဖွဲ့များ၏ သုံးပွင့်ဆိုင်ထိပ်သီး အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့မှာ အစည်းအဝေး မနက် တစ်ပိုင်းသာ တက်ရောက်ခဲ့ပြီး ညနေပိုင်းတွင် ပြန်သွားကြောင်း သိရသည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ နည်းနည်းလေး အားမလို၊ အားမရ ဖြစ်မိတဲ့ အကြောင်းတစ်ခုတော့ ရှိတယ်။ အဲ့ဒါက ဘာလည်းဆိုတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုတပ်ချုပ်ကြီး နှစ်ဦးစလုံးက ညနေပိုင်း အစည်းအဝေးမတက်ပါဘူး” ဟု ချင်းအမျိုးသားတပ်ဦး(CNF) ဒုဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်တွင် နှစ်ရက်ကြာကျင်းပမည့် ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာလ ၁၅ရက်၊ နံနက် ၁ဝနာရီတွင် စတင်ကျင်းပပြီး အစိုးရဘက်မှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်၊ တပ်မတော်ဘက်မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်း သားလက်နက်ကိုင်များဘက်မှ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ အသီးသီးအဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။

ညနေပိုင်း အစည်းအဝေးတွင်မူ အစိုးရဘက်မှနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ မတက်ရောက်တော့ဘဲ ဗိုလ်ချုပ်ကြီး ရာပြည့် အပါအဝင် တပ်မတော်အရာရှိ သုံးဦးသာ တက်ရောက်ခဲ့သည်ဟု သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၀)ဖွဲ့ကမူ မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌမှလွဲ၍ ကျန်(၉)ဖွဲ့စလုံး ဥက္ကဋ္ဌများကိုယ်တိုင် တက်ရောက်ခဲ့သည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

“မွန်ပြည်သစ်ပါတီကတော့ ဥက္ကဋ္ဌကြီး နေမကောင်းတဲ့အတွက် ဒုဥက္ကဋ္ဌကို လွတ်လိုက်တာ ဖြစ်ပါတယ်။ အခုတက်လာတဲ့သူအားလုံးဟာ ဥက္ကဋ္ဌတွေ ဖြစ်ပါတယ်။ အဲ့ဒီအပေါ်မှာတော့ ကျွန်တော်တို့ အနေနဲ့ တပ်ချုပ် ကြီးလည်း သူတက်ပါတယ်။တစ်ပိုင်းတက်ပါတယ်။ ဖွင့်ပွဲ မိန့်ခွန်းလည်း ပြောပါတယ်။ သို့သော် တစ်ကယ့် ဆွေးနွေးတဲ့ အဆင့်အထိတော့ ပါစေချင်တယ်။ မနက်ဖြန် (အောက်တိုဘာလ ၁၆ ရက်နေ့)ဆွေးနွေးမယ့်အပေါ်မှာလည်း အရေးကြီးတဲ့ကဏ္ဍ ၂ခုက ကျန်နေသေးတဲ့အပေါ်မှာ သူတို့ တက်ပေးလိုက်လို့ရှိရင်တော့ အင်မတန်မှ ကောင်းမယ်လို့ ကျွန်တော် ကတော့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဆက်လက်ကျင်းပမည့် အစည်းအဝေး၌ ညှိနှိုုင်းမှု မပြေလည်သောကြောင့် ပြီးခဲ့သည့် ၂၁ရာစုပင်လုံ တတိယအစည်းအဝေးတွင် ချန်လှပ်ခဲ့ရသော ခွဲမထွက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် တစ်ခုတည်းသောတပ်မတော်ထားရှိရေးကိစ္စများကို ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၅ရက်တွင် ကျင်းပသည့် အစည်းအဝေး၌ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ယခုနှစ် အတွင်း တစ်ကြိမ်၊ လာမည့် ၂၀၁၉ခုနှစ်အတွင်း နှစ်ကြိမ် ကျင်းပပြီး ဖက်ဒရယ်အခြေခံမူအားလုံး ရရှိအောင် ဆောင်ရွက်သွားမည်ဟု အတည်ပြုခဲ့သည်။

ထို့ပြင် အထူးလိုအပ်ချက်များ ပေါ်ပေါက်လာပါက အထူးအစည်းအဝေး ခေါ်ယူရန်လည်း အတည်ပြုခဲ့ကြ ကြောင်း သိရသည်။ ထို့အပြင် တိုင်းရင်းသားများဘက်ကမူ အဆိုပါ အထူးအစည်းအဝေးများ ခေါ်ယူပါက NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များပါဝင်နိုင်ရန် အဆိုပြုတင်ပြထားကြောင်း သိရသည်။

ရွှေစံအိမ်ဟိုတယ်တွင် ပြုလုပ်ခဲ့သော ပထမနေ့ အစည်းအဝေးတွင် လာမည့် ဆွေးနွေးပွဲများ၌ ထိပ်သီးခေါင်း ဆောင်များ အပေါ်ကချမှတ်ပေးသည့် Top-Down ဆွေးနွေးမှုပုံစံ ကျင့်သုံးသွားရန်လည်း ထပ်မံ အတည်ပြုခဲ့ ကြောင်း သိရသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...