NLD အစိုးရလက်ထက် အုပ်ချုပ်ရေး ၂ ရပ်ဖြစ်နေဟု လူ့ဘောင်သစ်ပါတီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိ

NLD အစိုးရလက်ထက် အုပ်ချုပ်ရေး ၂ ရပ်ဖြစ်နေဟု လူ့ဘောင်သစ်ပါတီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိ
by -
ဒေါင်းလူ၊ စိုးသူအောင်

NLD အစိုးရလက်ထက်တွင် လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ မျှော်မှန်းထား သလောက် ဖြစ်မလာသည့်အပြင် အခြေခံဥပဒေအရ လက်ရှိအစိုးရတွင် အုပ်ချုပ်ရေး ၂ ရပ် ပုံသဏ္ဍန်ကဲ့သို့ ဖြစ်နေသည်ဟု လူ့ဘောင်သစ်ပါတီ၏ ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမတွင် အောက်တိုဘာ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည့် လူ့ဘောင်သစ် ပါတီ ထူထောင်ခြင်းနှစ် ၃၀ ပြည့်အခမ်းအနားတွင် ထိုကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

" NLD အစိုးရကာလတွင် လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမျှော်မှန်းထားသလောက် မဖြစ် ခဲ့ပေ။ ဒီမိုကရေစီနှင့် အုပ်ချုပ်ရေးစနစ်ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်နေသည်ဆိုသော်လည်း ၂၀၀၈ အခြေခံ ဥပဒေအရ လက်ရှိအစိုးရတွင် အုပ်ချုပ်ရေး ၂ ရပ် ပုံစံကဲ့သို့ ဖြစ်နေပေသည်။ အိမ်ကြီးပေါ် အိမ် ဆောက်သကဲ့သို့၊ လှေကြီးပေါ် လှေငယ်ဆင့်သကဲ့သို့ ဖြစ်နေပါတယ်။" ဟု လူ့ဘောင်သစ်ပါတီဥက္ကဋ္ဌ ဦးဇေယျက အခမ်းအနားတွင် ၎င်းတို့ပါတီ၏ ထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့သည်။

ထို့အပြင် လက်ရှိအစိုးရသည် တက်ကြွလှုပ်ရှားသူများနှင့် သတင်းမီဒီယာသမားများကို နိုင်ငံတော် အကြည်ညှိပျက်စေမှု၊ ဆက်သွယ်ရေး ပုဒ်မ စသည်တို့ဖြင့်  ဖမ်းဆီးထောင်ချနေမှုများသည် လွတ်လပ် စွာ ထုတ်ဖော်ခွင့်ကို ပိတ်ပင်တားဆီးနေသလို ဖြစ်နေသည်ဟုလည်း ပါတီတာဝန်ရှိသူတွေက ဆိုသည်။

" အစိုးရကို ဝေဖန်သည့် တက်ကြွလှုပ်ရှားသူများ၊ မီဒီယာများ၊ သတင်းထောက်များ၊ နိုင်ငံရေးအဖွဲ့ အစည်းအချို့မှခေါင်းဆောင်များကို ဥပဒေပုဒ်မ ၆၆ ဃနှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံ တော်ပုန်ကန်မှု စသည့်ကြီးလေးသောပုဒ်မများဖြင့် ဖမ်းဆီးထောင်ချမှုများ ရှိလာပြီး အစိုးရကို ဝေဖန် နေသူများအပေါ် လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကန့်သတ်တားဆီးနေသကဲ့သို့ ဖြစ်နေပါတယ်။" ဟု လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဦးဇေယျက ဆက်လက်ဖတ်ကြားခဲ့သည်။

လူ့ဘောင်သစ်ပါတီ၏ နှစ် ၃၀ ပြည့်အခမ်းအနားကို နိုင်ငံရေးအကျဉ်းသားများ၊ လွှတ်တော်ကိုယ်စား လှယ်တစ်ချို့နှင့် အခြားပါတီခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၈၈ ခုနှစ်၊ အောင်တိုဘာလ ၁၄ ရက်တွင် စတင်တည် ထောင်ခဲ့ပြီး၊ ကျောင်းသားလူငယ်များနှင့် ဖွဲ့စည်း ထားသောပါတီအဖြစ် လှုပ်ရှားခဲ့သည်။

၁၉၈၈ - ၁၉၈၉ ခုနှစ်၊ ကာလများတွင် လူ့ဘောင်သစ်ပါတီ သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဝန်းရံသည့် ပါတီအဖြစ် ရပ်တည်ခဲ့ပြီး၊ ဒုတိယအင်အားကြီးပါတီ အဖြစ် လူထုအကြား ခိုင်ခိုင်မာမာနေရာ ရရှိခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲအပြီး ကာလများတွင် စစ်အစိုးရက မတရားအသင်းအဖြစ်သတ်မှတ်ခဲ့ပြီး ပါတီကို ထိုင်း- မြန်မာနယ်စပ်သို့ ပြောင်းရွှေ့အခြေချခဲ့ရသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...