ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အုပ်ချုပ်မှုမဖြစ်စေရန် အရေးကြီးဟု သမ္မတ သတိပေးပြောကြား

ပြည်သူများအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အုပ်ချုပ်မှုမဖြစ်စေရန် အရေးကြီးဟု သမ္မတ သတိပေးပြောကြား
by -
ရဲနိုင်(လောက်ကိုင်)

နိုင်ငံသူနိုင်ငံသားများအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့် အုပ်ချုပ်မှုယန္တရားမဖြစ်စေရန် အရေးကြီးကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သတိပေးပြောကြားလိုက်သည်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးကဏ္ဍနှင့်စပ်လျဉ်း၍ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်သည့် အုပ်ချုပ်ရေးယန္တရားဖြစ်ရန် လိုအပ်ပြီး နိုင်ငံသားများ၏ဘဝလုံခြုံမှု၊ စိတ်လုံခြုံမှုနှင့် စိတ်အေးချမ်းသာယာမှုရှိစေရန် စီမံဆောင်ရွက်ကြရမည်ဖြစ်ကြောင်း သမ္မတက ပြောကြားခဲ့သည်။

“တာဝန်ရှိသူတွေ အနေနဲ့ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ၊ တာဝန်ခံမှုရှိရမှာ ဖြစ်ပါတယ်။ ဦးစီးခေါင်းဆောင်သူ တွေအနေနဲ့ မိမိတို့ရဲ့ ဝန်ထမ်းတွေကို လိုအပ်သလို လမ်းညွှန်ကြပ်မတ်နိုင်ရမှာ ဖြစ်ပါတယ်။ အရာထမ်း၊ အမှု ထမ်းတွေအနေနဲ့ လုပ်ငန်းခွင်မှာ သဟဇာတဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ CSO၊ NGOနဲ့ မီဒီယာအားလုံးကလည်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဝိုင်းဝန်း ကူညီမှသာ အောင်မြင် နိုင်မှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် တရားစီရင်ရေးအပိုင်းတွင်လည်း ဘက်လိုက်မှုကင်းသည့်တရားစီရင်ရေးဖြစ် ရန်လိုအပ်ပြီး ပြဋ္ဌာန်းထား သည့် တည်ဆဲဥပဒေများနှင့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို   လေးစားလိုက်နာကြရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“တရားစီရင်ရာမှာလည်း လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ အာဏာရှိသူတွေရဲ့ ဝင်ရောက်စွက်ဖက်မှု ကင်းဖို့လို အပ်ပါ တယ်။ မှန်ကန်ပြီး တရားမျှတတဲ့ တရားစီရင်ရေးဖြစ်မှသာ ပြည်သူတွေကပိုမို ယုံကြည် ကိုးစားလာကြမှာ ဖြစ်ပါတယ်”ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

ပြည်သူလူထုအတွက် အမှန်တကယ်အကျိုးပြုနိုင်သည့် ဥပဒေများဖြစ်ရန် လိုအပ်ပြီး ပြဋ္ဌာန်းမည့် ဥပဒေများ သည် ဒေသအတွက် အမှန်တကယ်အကျိုးရှိ၊ မရှိ၊ နိုင်ငံတော်၏မူဝါဒများ၊ လုပ်ငန်းလမ်းညွှန်များနှင့် ဆီလျော်မှု ရှိ၊ မရှိ ၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ၊ မညီ စိစစ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် ဥပဒေပြုရေးအပိုင်းများမှာ အပြန်အလှန်ထိန်းကျောင်းကြရန်လိုအပ်ပြီး တစ်ဖွဲ့နှင့် တစ်ဖွဲ့ စွက်ဖက်မှုမရှိရန် ဂရုပြုကြရမည်ဖြစ်ကြောင်း သမ္မတက သတိပေးပြောကြားခဲ့သည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသ ကြီးတရားလွှတ်တော်၊ လွှတ်တော် ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အောက်တိုဘာလ ၆ ရက်နေ့၊ မကွေးမြို့၊ မြို့တော်ခန်းမတွင် တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...