ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ဥရုချောင်းအတွင်း ရေကြီးရေလျှံမှုကာကွယ်ရေးများ ဆောင်ရွက်ရာတွင် အဓိကလိုအပ်သည့်နေရာများ၌ ရှင်းလင်းမှုအားနည်းနေသောကြောင့် ထိထိရောက်ရောက် ဆောင်ရွက်ရန် လိုအပ်နေကြောင်း ဒေသခံများ ဝေဖန်ပြောဆိုသည်။
ဥရုချောင်းရှင်းလင်းရေးအား နှစ်စဉ်ဆောင်ရွက်နေသော်လည်း မိုးရာသီရောက်ရှိလာပါက ရေကြီးမှုများ ဖြစ်ပေါ်နေပြီး လူသေဆုံးမှုများ၊ ချောင်းတလျောက်ရှိလူနေအိမ်များ ပြောင်းရွှေ့ရခြင်းများ၊ ရေကြီး ရေလျှံမှု များကြောင့် သွားလာရေးခက်ခဲခြင်းများ လမ်းတံတားပျက်ဆီးခြင်းများကို ဒေသခံများ ရင်ဆိုင်နေရဆဲဖြစ်သည်။
" ထိရောက်တဲ့နေရာမှာ မလုပ်သေးဘူး။ လုံးခင်းနဲ့ ဖားကန့်ကြားမှာကို ကျန်သေးတယ်။ အဲ့ဒီလိုနေရာမျိုးတွေမှာ ဆိုရင် ချောင်းကမြေစာပစ်ထားတာတွေ တော်တော်ကျဉ်းနေတယ်။ ကုမ္ပဏီကခြံဝန်းကာထားတာ ချောင်းဘေး နားတောင် ကပ်ရပ်ဖြစ်နေပြီ " ဟု လုံခင်းကျေးရွာမှ ဦးဇော်ဝင်းမောင်က ဆိုသည်။
ယခုနှစ်လာမည့် ပွင့်လင်းရာသီတွင် ချောင်းရှင်းလင်းရေးအတွက် စက်တင်ဘာ၂၉ ရက်နှင့် အောက်တိုဘာ ၁ ရက်နေ့တို့တွင် ဖားကန့်မြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ဖာကန့်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးတင့်စိုး၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၊ဖာကန့်မြို့နယ်အုပ်ချုပ်ရေးမှူးဦကျော်စွာအောင်တို့မှ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြပြီး ဖာကန့်မြို့ရပ်မိရပ်ဖများ၊ ကျောက်မျက်လုပ်ငန်းရှင်များ ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများ တက်ရောက်ဆွေးနွေးအကြံပြုတင်ပြ ခဲ့ကြသည်။
" အဓိက အခက်အခဲက ငွေရေးကြေးရေးပဲ။ ဒီနှစ် ကျောက်တူးတဲ့ ကုမ္ပဏီတွေက ဘာမှမရှိတော့ဘူး။ လုပ်ရမယ့်တာဝန်က အကြီးကြီး၊ ကုမ္ပဏီတွေကလည်း ဆီစျေးကတက်ဆိုတော့ ကုမ္ပဏီတွေက နည်းနည်း လာတဲ့အခါ ခံရတဲ့ကုမ္ပဏီက သူတို့အတွက် လုပ်ရမယ့်တာဝန်တွေက အများကြီးကြလာတဲ့အခါတော့ အဲ့ဒီကိစ္စလေးက တော်တော်ပြဿနာရှိလာတယ်။ ဒီကိစ္စက နှစ်တိုင်းလဲ လုပ်နေကြဆိုတော့ ဖားကန့်မြို့နယ် တစ်ခုလုံးကို ဥရုချောင်းရေက ဒုက္ခပေးနေတဲ့အခါကြတော့ ဒါကိုတော်တော်လေး အခြေအနေကောင်းမွန်အောင် လုပ်ဖို့ ကုမ္ပဏီတွေမှာ တာဝန်ရှိတယ်။ ဥရုချောင်းကြီးကောင်းလာအောင် အချိန်ယူပြီးလုပ်ဖို့လိုတယ် "ဟု ဖားကန့်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးမှပြောသည်။
ယခုနှစ်တွင် ဖားကန့်ဒေသ၌ ကျောက်မျက်တူးဖော်သည့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေသည့် ပုဂ္ဂလိကကုမ္ပဏီ (၁၅)ခုရှိပြီး နိုင်ငံတော်နှင့်အကျိုးတူလုပ်ကိုင်သည့် ကုမ္ပဏီ (၂၀)ခုခန့်ရှိကာ ချောင်းရှင်းလင်းရေးအတွက် ကုမ္ပဏီကြီးတစ်ခုလျှင် ဘက်ဟိုးစက်ကြီး (၂)စီး၊ မြေသယ်ကား(၄)စီး၊ စုစုပေါင်း ဘက်ဟိုးစက်ကြီး (၅၀) မြေသယ်ယာဉ် (၁၀၀)စီး ထုတ်ပေးရန် ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းရှင်များအသင်းနှင့် ကျောက်စိမ်းရုံးသို့ တောင်းဆိုထားပြီး လိုအပ်ပါက သီးခြားကုမ္ပဏီများမှ ထပ်မံတောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
" ဒေသတွင်း ကုမ္ပဏီတွေရဲ့ စက်ယန္တရားထုတ်ပေးမှုအပေါ်မူတည်ပြီး အလေလွင့်မရှိအောင် စနစ်တကျဖြစ် အောင် ကြပ်မတ်နေပါတယ်။ ချောင်းကျဉ်းတူးတဲ့အခါမှာလဲ စိတ်ကူးပေါက်ပြီး ဟိုနားရှင်းလိုက် ဒီနားရှင်းလိုက် မဟုတ်ပါဘူး။ သက်ဆိုင်ရာ မြစ်ချောင်းဦးစီးဌာနာက ရေးဆွဲပေးထားတဲ့ ဒီဇိုင်းရှိတယ်။ ဒီဇိုင်းအတိုင်း မူတည်ပြီး တော့ ဥရုချောင်းကြမ်းပြင် မြင့်သင့်တဲ့နေရာ ချဲ့ရမယ့်နေရာ ဖြောင့်ရမယ့်နေရာတွေကို ဒါမျိုးတွေကို ဆောင်ရွက် နေတာပါ။ ကျွန်တော်တို့က လျော့ပါးအောင်လုပ်တာဆိုတော့လေ တစ်ဖက်ကရတနာတူးဖော်မှုလုပ်ငန်းလည်း ဆောင်ရွက်နေတယ်။ တစ်ဖက်ကလည်း ချောင်းပုံမှန်ရှင်းနေရတယ်။ ဒါမှမရှင်းဘူးဆိုရင်တော့ ချောင်းကြမ်းပြင် ထဲမှာ ရောက်နေတဲ့ သဲနုံးမြေစာတွေက တစ်နှစ်ထက်တစ်နှစ်များများလာပြီး ဒီထက်ပိုဆိုးသွားနိုင်တာပေါ့။ ချောင်းလက်တက်တွေကနေ မြေစာတွေထပ်ကျမလာအောင် စီမံနေပါတယ်။ အရင်ကစုပုံခဲ့ပြီးသားတွေကတော့ ပြန်ကျုံးလို့မရတော့ပေမယ့် နောက်ထပ်စွန့်ပစ်မှုမရှိအောင်တော့ ဝေဖန်ထောက်ပြပြီး သက်ဆိုင်ရာဌာနကနေ ကုမ္ပဏီတွေလိုက်ရေဖို့ ကြပ်မတ်ခိုင်းနေပါတယ် " ဟု ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်မှ ပြောသည်။
ဥရုချောင်း ကြမ်းပြင်မြင့်တက်ခြင်း ဥရုချောင်းကောခြင်းသည် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီများတူးဖော်ရေး နည်းဥပဒေများ စည်းကမ်းတားမြစ်ချက်များ ကန့်သတ်ချက်များကို မလိုက်နာခြင်းကြောင့် ဖြစ်ပြီး ကျောက်စိမ်း တူးဖော်ရေး ကုမ္ပဏီများကို ဥပဒေအတိုင်း ကြပ်မတ်ခြင်း၊ ဥရုချောင်းလက်တက်မှ တဆင့်စီးဝင်သော မြေစာစွန့်ကုမ္ပဏီများကို စီစစ်ဆောင်ရွက်ခြင်းဖြင့်လည်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေသခံများ ထောက်ပြပြောဆိုသည်။
" အိတ်ပေါက်နဲ့ ဖားကောက်သလို ပြည်သူ့ဘဏ္ဍာနဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွေအတွက် မျောမှီး ရှင်းပေးသလို ဖြစ်နေပါတယ်။ ကုမ္ပဏီတွေလုပ်ထုံးလုပ်နည်း နည်းဥပဒေနဲ့ မညီပဲနဲ့ လုပ်နေပြီးမှ ဌာနာဆိုင်ရာ တာဝန်ရှိတဲ့သူတွေက စီစစ်ဆောင်ရွက်မှု အားနည်နေတဲ့အခါကြတော့ ချောင်းရှင်းလင်းရေးက ထိရောက်မှု မရှိဘူးဖြစ်နေတာ” ဟု ဖားကန့်မြို့မှ ကိုစိုင်းမှ ဆိုသည်။
ဥရုချောင်းရှင်းလင်းရေးအတွက် ရက် (၁၀၀)ကျော် (၃)လခွဲခန့် လုပ်ဆောင်ရမည်ဖြစ်ပြီး ကုမ္ပဏီတစ်ခုလျှင် စက်ဆီဖိုး ခန့်မှန်းခြေ ကျပ်သိန်း (၄၀၀)၊ စက်ကြီးမောင်း ယန္တရားမောင်း အလုပ်သမားခ ကျပ်သိန်း(၂၀)၊ စက်ပြုပြင်များအပါအဝင် ကျပ်သိန်း (၆၀၀)နှင့် (၇၀၀)အကြား ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။







