ရန်ကုန်နေ ပြည်သူတစ်ချို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နားမလည်ဟု စစ်တမ်းတစ်ခုကဆို

ရန်ကုန်နေ ပြည်သူတစ်ချို့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နားမလည်ဟု စစ်တမ်းတစ်ခုကဆို
by -
စိုးသူအောင်

ရန်ကုန်မြို့နေ ပြည်သူလူထုတစ်ချို့ဟာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိရန်လိုလားကြသော်လည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို သေသေချာချာ နားမလည်ကြသေးဘူးဟု စစ်တမ်းကောက်ယူခဲ့သည့် အရပ်ဖက်အဖွဲ့အစည်းများက ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ Orchid ဟိုတယ်မှာ စက်တင်ဘာ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည့်  “ ပြည်တွင်းငြိမ်းချမ်းရေးနှင့် သက်ဆိုင်သော လူထုသဘော ထားစစ်တမ်းအစီရင်ခံစာ “  မိတ်ဆက်ပွဲတွင် တာဝန်ရှိသူများက ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ ငြိမ်းချမ်းရေးဆိုတာ အကုန်လုံးက လိုအပ်တယ်ဆိုတာသိတယ်။ အကုန်လုံးလည်းလိုအပ်တယ်။ အမြန်ဆုံး ငြိမ်းချမ်းရေးကို ရစေချင်တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးထဲမှာ ဘယ်လိုပူးပေါင်းပါဝင်နိုင်မလဲဆိုတာသူတို့မသိဘူး။ သူတို့ သိထားတာက နိုင်ငံတော် အတိုင်ပင်ခံနှင့် သက်ဆိုင်ရာအဖွဲ့အစည်းတွေက လုပ်နေကြတယ်။ အချိန်တန်ငြိမ်းချမ်းရေး ရမယ်လို့ပဲ သူတို့သိထားတယ် “ ဟု တာဝန်ရှိသူတစ်ဦးဖြစ်သည့် တာမွေလူမှုကွန်ယက် မှ ကိုအောင်မျိုးလင်းက ပြောသည်။

လှိုင်သာယာ၊ ဒေါပုံနှင့်  ကော့မှူးမြို့နယ်တို့မှာ ငြိမ်းချမ်းရေးသို့ လူထုအသံ လူထုစကားဝိုင်းပြုလုပ်ပြီး စစ်တမ်းကောက် ယူသည့်အခါမှာ တွေ့ရှိရတာလို့ သူက ဆက်ပြောသည်။

မြို့နယ် ၃ မြို့နယ်က အသက် ၁၈ နှစ်ကနေ ၅၀ နှစ်အထက်ထိ စစ်တမ်းဖြေဆိုသူ ၁ ထောင်ကျော်ရှိခဲ့ပြီး အများစုမှာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အပေါ်ယံသာ သိရှိကြသည်ဟုလည်း သိရသည်။

“ ဥပမာဆိုရင်ပြောနေတာ တစ်ခုရှိပါတယ်။ NCA စာချုပ်သိလားဆိုရင် သတင်းစာထဲမှာပါတယ်လေ။ NCA စာချုပ်၊ NCA စာချုပ်။ ဒါတော့သူတို့သိတယ်။ ဒါပေမယ့် NCA စာချုပ်ထဲမှာ ဘယ်လိုအချက်အလက်တွေပါလဲ။ ဒါသူတို့မသိတော့ဘူး။ လက်နက်ကိုင် ဘယ်နှစ်ဖွဲ့ စာချုပ်လက်မှတ်ထိုးပြီးပြီလဲ သူတို့မသိတော့ဘူး “ဟု ကိုအောင်မျိုးလင်းက ဆိုသည်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က “ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူအားလုံးပါဝင်ဖို့နဲ့ ပြည်သူတွေရဲ့ သဘောထားတွေကို ဖော်ထုတ်ပေးဖို့လိုတယ် “ လို့ပြောဆိုခဲ့ဖူးပေမယ့် သာမန်ပြည်သူဟာ  ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်နိုင်မှု အားနည်းနေသေးခြင်းလည်းဖြစ်သည်။

ထို့ကြောင့် သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့သည့် အဖွဲ့များက စစ်တမ်းကောက်ယူ တွေ့ရှိချက်တွေကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ငြိမ်းချမ်းဖြစ်စဉ်မှာပါ ဝင်သည့် အဖွဲ့အားလုံးကို အကြံပြုပေးပို့သွားမည်ဟု ဆိုသည်။

ယခုစစ်တမ်းကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းလောက်က တာမွေမြို့့နယ် လူမှုကူညီရေးကွန်ယက်၊ မြန်မာ့မဏ္ဍိုင်၊ မျိုးဆက်သစ် လူငယ်များအဖွဲ့နှင့် Herald of the Light အဖွဲ့တို့က ပြုစုခဲ့တာဖြစ်ပြီး ကျန်တဲ့ တိုင်းနှင့် ပြည်နယ်တွေမှာလည်း စစ်တမ်း ကောက်ယူမှုတွေ ဆက်လုပ်သွားမည်ဟု သိရသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...