မန္တလေး-မူဆယ် ကုန်သွယ်ရေးကားလမ်းမပေါ်၌ လက်နက်ကိုင်အဖွဲ့အချို့မှ ဆက်ကြေးကောက်ခံမှုများ ပစ်ခတ်မှုများ ရှိနေခြင်းကြောင့် ကားသမားများ စိုးရိမ်ထိတ်လန့်နေကြသည်ဟု မဇ္စျိက စုံစမ်းသိရှိရသည်။
"မနေ့က (စက်တင်ဘာ ၂၉ ရက်နေ့) ကို ဆက်ကြေးတောင်းတာ အပစ်ခံရတာတွေရှိတယ်"ဟု မန္တလေး-မူဆယ် ကုန်သွယ်ရေး ကားလမ်းမ ပေါ်တွင် သွားလာလုပ်ကိုင်စားနေသည့် ယာဉ်ပိုင်ရှင် ဦးစိုင်းပန်က ဆိုသည်။
ယခုရက်ပိုင်းအတွင်း နွားတင်ယာဉ်များ အပါအဝင် ကုန်တင်ယာဉ်တစ်ချို့ပါ ပစ်ခတ်ခံနေရသောကြောင့် အများစုသည် ညပိုင်းတွင် လုံးဝဖြတ်သန်းသွားလာခြင်း မပြုလုပ်တော့ပဲ နေ့ခင်းဘက်ပိုင်းတွင်မှသာ ပြေးဆွဲခြင်းများ ပြုလုပ်နေသည်ဟု ကားသမားများထံမှ သိရသည်။
"ကျွန်တော်တို့က ဆက်ကြေးလည်းပေးနေရတယ်။ အဲဒီလို ပေးနေတဲ့ကြားက ပစ်ပစ်သွားတော့ ကြောက်တယ်။ ဘယ်အဖွဲ့ကပစ်မှန်းလည်းမသိဘူး။ကိုယ့်အလှည့် ဘယ်နေ့ရောက်မလဲဆိုပြီး စိုးရိမ်စိတ်နဲ့မောင်းနေရတယ်"ဟု ယာဉ်မောင်း စိုင်းကျော်ကပြောသည်။
ပစ်ခတ်မှုအများဆုံး ဖြစ်ပွားသည့်နေရာသည် သီပေါ နှင့် ကျောက်မဲမြို့နယ်ကြားဖြစ်သည်။
လက်ရှိအချိန်တွင် ပစ်ခတ်မှုများ ဆက်တိုက်ဆိုသလို ဖြစ်နေသောကြောင့် ညပိုင်းတွင် သီပေါမြို့နှင့် ကျောက်မဲမြို့တို့၌ ညအိပ်ရပ်နားမှုများပြုလုပ်ကာ မနက်ပိုင်းတွင်မှ ကားများစုပေါင်းပြီး အတက်အဆင်း ပြုလုပ်သွားလာနေကြရသည်။
"လက်နက်ကိုင် ဘယ်အဖွဲ့နဲ့တွေ့တွေ့ တွေ့ရင်တော့ ကျွန်တော်တို့ပေးပါတယ်။ အပစ်တော့မခံဘူးဘူး။ တွေ့တာတော့ ခဏခဏပဲ"ဟု ယာဉ်မောင်း ကိုစိုးလွင်က ဆိုသည်။
အဆိုပါ မန္တလေး- မူဆယ် ကုန်သွယ်ရေးကားလမ်းမပေါ်၌ နေ့စဉ် ယာဉ်အစီးရေ ထောင်ချီသွားလာနေကြပြီး မြန်မာ နှင့် တရုတ်နိုင်ငံကြား အဓိက ဆက်သွယ်ရေးလမ်းမကြီး တစ်ခုလည်းဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်း သီပေါ၊ ကွတ်ခိုင် ၊ ကျောက်မဲဒေသတို့သည် တအာင်းလွတ်မြောက်ရေး အဖွဲ့(TNLA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ၊ပြည်သူ့စစ်အဖွဲ့များ ၊ တပ်မတော်စစ်ကြောင်းများ သွားလာလှုပ်ရှားနေသည့် ဒေသလည်းဖြစ်သည်။







