ကလေးမြို့ရှိ ချင်းရိုးရာ ရက်ကန်းလုပ်ငန်း ကုန်ကြမ်းချည်နှင့် အလုပ်သမား ရှားပါးမှုများ ကြုံတွေ့နေ

ကလေးမြို့ရှိ ချင်းရိုးရာ ရက်ကန်းလုပ်ငန်း ကုန်ကြမ်းချည်နှင့် အလုပ်သမား ရှားပါးမှုများ ကြုံတွေ့နေ
by -
ဘုန်းနိုင်ဖြိုး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်ရှိ ရက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းချည်နှင့် အလုပ်သမား ရှားပါးလာမှုများကြုံတွေ့နေရပြီး လုပ်ငန်းရပ်နားထားရမှုများ ရှိနေကြောင်း ကလေးမြို့နယ်ရှိ ချင်းရိုးရာ ရက်ကန်းအသင်းမှ ဥက္ကဋ္ဌက ဆိုသည်။

ကလေးဒေသ ရက်ကန်းလုပ်ငန်းများတွင် အသုံးပြုများသည့် ချည်များသည် တရုတ်နှင့် အိန္ဒိယမှ ဝင်ရောက်လေ့ရှိပြီး လက်ရှိတွင် အိန္ဒိယချည်များ၏ စျေးနှုန်းများ မြင့်တက်လာမှုကိုလည်း ရင်ဆိုင်ကြုံတွေ့ နေကြရသည်။

" ကျွန်တော်တို့အနေနဲ့က အရင်းအနှီးက ချည်ထုတ်တွေကို အိန္ဒိယတို့ တရုတ်တို့ကနေ ကုန်သည်ကြီးတွေလို မဝယ်နိုင်တော့ သူတို့ဆီကဝယ်ရတယ်။ ချည်ကလဲ စျေးတက်တယ်။ အဲ့ဒါအပြင် ကုန်သည်တွေဆီက ချည်ကို စျေးကြီးပေးဝယ်ရသလို သူတို့ဆီကိုပဲ အချောပြန်သွင်းတဲ့အခါ စျေးကအပြင်ပေါက်စျေးထက် ထက်ဝက်နီးပါးပဲ လျော့သွင်းရတော့ လုပ်အားခနဲ့မကိုက်ဘူး။ ဒါကြောင့် လုပ်ငန်းတွေ ရပ်ထားရတယ်"ဟု ချင်းရိုးရာ ရက်ကန်း အသင်းမှ ဥက္ကဋ္ဌဦးမျိုးမြင့်နိုင်မှ ပြောသည်။

ကလေးမြို့ရှိ ချင်းရိုးရာ ရက်ကန်းထည်များသည် စျေးကွက်တွင် စျေးကောင်းရရှိသော်လည်း အဆိုပါ အကျိုးကို ကုန်လှောင်ကုန်သည်များနှင့် အရင်းအနှီးများသူတို့သာ ခံစားကြရပြီး အောက်ခြေ အလုပ်သမားနှင့် အသေးစား လုပ်ငန်းရှင်များမှာ အကျိုးမခံစားရကြောင်း ထို့သို့ အဆင်မပြေမှုများကြောင့်  ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ရက်ကန်းစင် ၂၀၀၀ ခန့်ရပ်နားခဲ့ရကြောင်း သိရသည်။

"အလုပ်သမားလဲ ရှားလာတယ်။ သူတို့ကို အထည်တန်ဖိုးရဲ့ သုံးဆ တစ်စ ပေးရတယ်။ ခုက အထည် ပြန်သွင်းစျေးက အပြင်မှာ ၁၅၀၀၀ တန်ကို ၈၀၀၀ / ၉၀၀၀ လောက်နဲ့ ပြန်သွင်းရတော့ ရက်ကန်း ရက်သူတွေ အတွက်လဲ အချောတစ်ထည်ကို ၃၀၀၀ လောက်ရတော့ ဒါကို မလုပ်ချင်ကြတော့ဘူး။ အချောထည်က တစ်ရက်မှ တစ်ကွင်းလောက်ပဲ ပြီးတာလေ။ဒါဆိုတော့ နေ့စားဖြစ်တဲ့ ပန်းရံနဲ့လမ်းခင်းအလုပ်ကို လုပ်ကြတာပေါ့" ဟု ရက်ကန်းသမားတစ်ဦးကဆိုသည်။

ကလေးမြို့နယ်အတွင်းရှိ အသေးစား ချင်းရိုးရာ ရက်ကန်းလုပ်ငန်းများတွင် ကုန်ကြမ်းချည်နှင့် အလုပ်သမား ရှားပါးလာမှုကို အစိုးရအနေနှင်ကူညီဖြေရှင်းပေးသင့်ကြောင်း ကလေးမြို့နယ်အတွင်းရှိ အသေးစား ချင်းရိုးရာ ရက်ကန်းရှင်ပိုင်ရှင်များကဆိုသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...