၈၈မျိုးဆက်ရခိုင်လူမှုအဖွဲ့ စစ်တွေတက္ကသိုလ်ပါချုပ်နှင့်တွေ့ပြီးအကြောင်းအရာ သုံးခုကို တင်ပြဆွေးနွေး

၈၈မျိုးဆက်ရခိုင်လူမှုအဖွဲ့ စစ်တွေတက္ကသိုလ်ပါချုပ်နှင့်တွေ့ပြီးအကြောင်းအရာ သုံးခုကို တင်ပြဆွေးနွေး

၈၈ ရခိုင်မျိုးဆက်များ လူမှုဖွ့ံဖြိုးရေးအဖွဲ့မှ တာဝန်ရှိသူများသည် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းနိုင်နှင့် စက်တင်ဘာ ၁၂ ရက်နေ့က ပါချုပ်၏ ရုံးခန်းတွင် တွေ့ဆုံပြီး စစ်တွေ တက္ကသိုလ် တိုးတက်ရေးအတွက် အဓိက အခြေခံ အကြောင်းအရာ သုံးရပ်ကို တင်ပြဆွးနွေး ခဲ့ကြသည်ဟု သတင်းရရှိသည်။

“ အဓိက ပါချုပ်ကို တင်ပြတာက သုံးချက်ပေါ့နော်။ ပထမတစ်ချက်က စစ်တွေတက္ကသိုလ်ကို နိုင်ငံခြား တက္ကသိုလ် တစ်ခုခုနဲ့ ချိတ်ဆက်ပြီး join Study ပူးတွဲ ပညာသင်ကြားရေးကို လုပ်ကိုင်နိုင်ရေးပေါ့နော်။ ဒုတိယ တစ်ချက်က စစ်တွေ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေကို ထူးချွန်ထက်မြက်အောင် ပြုစုပျိုးထောင်ပြီး နိုင်ငံခြား ပညာတော်သင် စေလွတ်ရေးလုပ်ပေးရန်နဲ့ တတိယ အချက်က စစ်တွေ တက္ကသိုလ် ဘက်ပေါင်းစုံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရပ်ဘက်က တတ်သိပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ ပါဝင်ပြီး အကျိုးဆောင် အဖွဲ့တစ်ခု ဖွဲ့နိုင်မလားပေါ့။ ဒီသုံးချက်ကို အခြေခံပြီး တင်ပြ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်” ဟု ဆွေးနွေးပွဲတွင် ပါဝင်သူ စာရေးဆရာ ဦးမောင်မောင်စောက ပြောသည်။

ယခုအခါ မြန်မာနိုင်ငံမှ တက္ကသိုလ် အများအပြားမှာ နိုင်ငံခြား တက္ကသိုလ်များဖြင့် MoU ထိုးကာ ပညာရည်မြင့်တင်ရန် ပူးပေါင်း ဖော်ဆောင်မှုများ ပြုလုပ်နေကြပြီ ဖြစ်ကြောင်း၊ ထိုအထဲတွင် ရန်ကုန်၊ မော်လမြိုင်၊ ပုသိမ်စသည့် တက္ကသိုလ်များလည်း ပါဝင်ကြောင်း၊ သို့အတွက် စစ်တွေ တက္ကသိုလ်ကိုလည်း ထိုအဆင့်မျိုး ဖြစ်စေလိုသဖြင့် စစ်တွေ တက္ကသိုလ် ပါမေက္ခချုပ်အား တင်ပြ ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သူက ပြောကြားသည်။

“ ဆရာကြီးကတော့ စစ်တွေ တက္ကသိုလ်အနေနဲ့ လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ရင်းရင်းနှီးနှီးဘဲ ပြောပြပါတယ်။ အစ္စရေးကို ကျောင်းသားတွေ စေလွတ်နိုင်ရေး ဆောင်ရွက်နေတဲ့ အခြေအနေ တွေနဲ့ စစ်တွေ တက္ကသိုလ်၊ တောင်ကုတ်ဒီဂရီကောလိပ်က ကျောင်းသား ၃ဦး ကိုလည်း တရုတ်ကို ပညာတော်သင် စေလွတ်နိုင်ရေးအတွက် ဆောင်ရွက်နေတဲ့ အနေအထား တွေကိုလည်း ပြောဆိုသွားပါတယ်။ ဒါပေမယ့် နိုင်ငံခြား တက္ကသိုလ်တစ်ခုခုနဲ့ ချိတ်ဆက်ပြီး ပူးတွဲ ပညာ သင်ကြားရေးနဲ့တော့ တိတိကျကျ ဖြေဆိုသွားတာမျိုး မရှိပါဘူး” ဟု ဦးမောင်မောင်စောက ဆက်လက် ပြောဆိုသည်။

စစ်တွေ တက္ကသိုလ်မှာ တစ်နှစ်ကို ဘွဲ့ရ ကျောင်းသား ၃၀၀၀ ခန့် ထုတ်ပေးနေသည့် တက္ကသိုလ် တစ်ခု ဖြစ်သဖြင့် စစ်တွေတက္ကသိုလ်အား အရည်အချင်းပြည့်ဝသော ကျောင်းသားကျောင်းသူများ မွေးထုတ် ပေးနိုင်သည့် အဆင့်မီ တက္ကသိုလ် ဖြစ်လာစေရန် ရည်ရွယ်၍ ပါချုပ်နှင့် သွားတွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တွေ့ဆုံရာတွင် ၈၈ ရခိုင်မျိုးဆက်များ လူမှုဖွ့ံဖြိုးရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်သိန်း၊ အထွေထွေ အတွင်းရေးမှူး ခိုင်ဆန်းအောင်၊ ဦးထွန်းအောင်စိန်၊ ဦးမောင်မောင်စောနှင့် ဦးစံထွန်းမောင်တို့ ပါဝင်ကြပြီး သူတို့ဘက်ကလည်း လိိုအပ်သည်များကို ကူညီဆောင်ရွက်ရန် ပြောကြားခဲ့ကြသည်ဟု ပြောဆိုသည်။

၈၈ ရခိုင်မျိုးဆက်များ လူမှုဖွ့ံဖြိုးရေးအဖွဲ့သည် များမကြာမီ စစ်တွေ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်မှ ပါချုပ်များနှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဟု သိရှိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...