နိုင်ငံရေးသမားတစ်ဦးဖြစ်သော ဒေါက်တာအေးမောင်အား နိုင်ငံရေးစကားပြော၍ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) ဖြင့် တရားစွဲဆိုခြင်းမှာ မဖြစ်သင့်ကြောင်း ဒေါက်တာ အေးမောင်၏ ရှေ့နေ ဦးကျော်ညွှန့်မောင်က ပြောကြားသည်။
ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား စက်တင်ဘာ ၁၀ ရက်နေ့က စစ်တွေခရိုင်တရားသူကြီးမှ အမှု ၃ ခုထဲမှ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) အမှုကို ပယ်ဖျက်ပြီး နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂( ၁) နှင့် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲရန်ဆုံးဖြတ်ခဲ့သည်။
သေဒဏ်တစ်သက် တစ်ကျွန်းထိ ကျခံရနိုင်သည့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) ထိ ကြီးလေးသော ပြစ်မှုဖြင့် တရာစွဲဆိုရန် စစ်တွေခရိုင်တရားသူကြီးက ဆုံးဖြတ်လိုက်သည့် အပေါ် မည်သို့အမြင်ရှိပါသလဲဟု တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွှန့်မောင်ကို နိရဥ္စရာ သတင်းဌာနက ဆက်သွယ် မေးမြန်းရာ သူက ထိုကဲ့သို့တုန့်ပြန် ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။
“ နိုင်ငံတော်ပုန်ကန်မှုနဲ့ ဘာကြောင့် တရားစွဲရသလဲ ဆိုလို့ရှိရှင် ဒေါက်တာအေးမောင် ပြောတဲ့ အထဲမှာ ဟိုကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးမှာပေါ့နော်။ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အဲ့ဒါတွေကြောင့် သူတို့က ဒီအစိုးရကို ပုန်ကန် ထောင်ထားတယ်လို့ ယူဆပုံရပါတယ်။ ကျွန်တော် သုံးသပ်တာပေါ့နော်။ သူပြေတာက အခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြောနေတဲ့ ဖက်ဒရယ်လေ။ သူပြောတာလည်း ဖက်ဒရယ်ပြောတာပဲ။ ခွဲထွက်ဖို့ ပြောတာမဟုတ်ဘူး။ သူပြောတဲ့ ဟိုဥစ္စာမှာ ပါတယ်။မြေပုံကိုလည်း ဒီအတိုင်းထားမယ်။ ခွဲလည်းမထွက်ချင်ဘူး။ အဲလို ဆိုလို့ရှိရင် ကျွန်တော်တို့တိုင်းရင်းသားတွေ အကုန်လုံးကို တန်းတူအခွင့်အရေး ပေးရမယ်။ သူပြောတာဒါပဲ။ အဓိက ရည်ရွယ်ချက်ကဒါပဲ။ ဒါက နိုင်ငံရေးသမား တစ်ယောက် ပြောရမယ့် စကားပဲလေ” ဟု ဦးကျော်ညွှန့်မောင်က ပြောကြားသည်။
ဒေါက်တာ အေးမောင်မှာ သာမန်လူတစ်ယောက်မဟုတ်ကြောင်း၊ RNDP ဥက္ကဋ္ဌ ၊ ANP ရခိုင်ပါတီ၏ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း၊ လက်ရှိ တွင်လည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ကြောင်း၊ ၎င်းပြင် တိုင်းရင်းသား ပါတီများနှင့် တခြား ပါတီများတွင်လည်း ဦးဆောင်နေရာက ပါဝင်ဆောင်ရွက်နေသူတစ်ဦး ဖြစ်ကြောင်း၊ လက်ရှိ ပင်လုံ ညီလာခံ တွင်လည်း တက်ရောက်နေသူဖြစ်ကြောင်း၊ နိုင်ငံရေးသမားဖြစ်၍ နိုင်ငံရေးစကားကို ပြောခြင်းသာ ဖြစ်ကြောင်း သူက ပြောဆိုသည်။
“ အခု ဒေါ်စုသွားနေတာလည်း ဖက်ဒရယ်မူကို ဦးတည် သွားနေတာဘဲလေ။ ဖက်ဒရယ်မူနဲ့ ပတ်သက်လို့ပဲ ဒေါက်တာ အေးမောင်ကပြောတာ။ ကျွန်တော်တို့ ရခိုင်နိုင်ငံတော် သီးခြားထူထောင်မယ်ဆိုတဲ့ စကား တစ်လုံးမှ မပါဘူး။ ပီးရင် ဒီအစိုးရရဲ့ လုပ်တာတွေ မှားတာတွေ၊ အမှားအယွင်းတွေကို ပြောတာ ဘာညာ အဲဒါလည်းမပါဘူး။ ဒါပေမယ့် ပါတီထူထောင်ပြီး နိုင်ငံရေး လောကထဲဝင်ပြီး အမတ်အရွေး ခံလို့ ရှိရင် ကျွန်တော်တို့ နိုင်ငံတော် အစိုးရ၊အုပ်ချုပ်တဲ့ နိင်ငံတော်အစိုးရဟာ ဘာတွေ မှားနေတယ်။ ထောက်ပြရမယ်။ ဘာတွေလုပ်သင့်လဲ။ ဘာတွေ လုပ်ရမယ်ဆိုတာကို လွှတ်တော် မှာကို တရားဝင် တင်ပြရမယ်။ ဒါက နိုင်ငံရေးမှာ လှုပ်ရှားနေတဲ့ အမတ်တစ်ယောက်ရဲ့ တာဝန်ပဲ။ နိုင်ငံတော်အစိုးရ မှားနေတယ်ဆိုရင် ဒါတွေမှားနေတယ်။ ဒါတွေ ဒါတွေကို လုပ်ပေးပါ။ ဒါပြောရမှာပဲ။ ဒါလေး ပြောတာလေးနဲ့ ကျွန်တော်တို့ ဒေါက်တာအေးမောင် ကို နိုင်ငံတော် ပုန်ကန်မှုတွေနဲ့ စွဲချက်တင် ဖြေရှင်းခိုင်းတာကတော့ နည်းနည်း တရားလွန်တယ် ခင်ဗျာ” ဟု ဦးကျော်ညွှန့်မောင်က ပြောဆိုသည်။
ဒေါက်တာ အေးမောင်နှင့် စာရေးဆရာ ဝေဟင်တို့အား စွဲချက်တင်ရန် ဆုံးဖြတ်လိုက်သည့် နိုင်ငံတော် ပုန်ကန်မှု ၁၂၂ (၁) မှာ သေဒဏ် တစ်သက်တစ်ကျွန်းထိရှိပြီး နိုင်ငံတော် အကြည် အညို ပျက်စေမှု ၅၀၅ (ခ) မှာ ထောင် ၂ နှစ်ထိ ပြစ်ဒဏ်ရှိကြောင်း သူက ပြောကြားသည်။







