ချင်းပြည်နယ် ဖွံ့ဖြိုးရေး အစီစဉ်အတွက်ရည်ရွယ်သည့် ကျေးရွာအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) မြှင့်တင်ခြင်းနှင့်အတူ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌါန၊ ပြည်နယ်အစိုးရတို့၏ ပံ့ပိုးမှုဖြင့် ချင်းရှိုးရာခွါဒိုပွဲတော်ကို ကျင်းပနေ ကြခြင်းဖြစ်သည်။
“ ကျေးရွာအခြေပြုခရီးသွားလုပ်ငန်းကို ဒီနှစ်ချင်းပြည်နယ်မှာ ဆော်လောင်း ကန်ပက်လက်မြို့နယ်နှင့် လိုင်လို တီးတိန်မြို့ နယ်ကို ရွေးထားတာလေ၊ ဒီဟာကို Promote (အားပေးမြှင့်တင်) လုပ်ရင်းနဲ့ဆိုပြီးအစီစဉ်ဆွဲပြီးမှ Promote လုပ်နိုင်တဲ့ အခြေအနေက ဒီခွါဒိုပွဲကျင်းပပြီးတော့ဖိတ်ခေါ်ဖို့ဆိုပြီး ချမှတ်လုပ်ဆောင်ကြတာ’’ ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်ကပြောသည်။
ခွါဒိုပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချူပ် ဆလိုင်းဦးလျန်လွယ်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးဇိုဘွေ့၊ လူမှုရေးဝန်ကြီး ပေါင်လွန်မင်းထန်၊ စည်ပင်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်စသည့် အစိုးရအဖွဲ့တာဝန်ရှိသူအကြီးအကဲများတက်ရောက်ကြသည်။
ရိုးရာပွဲတော်ပထမရက်မနက်ပိုင်းတွင် တီးတိန်မြို့မှ ၄ မိုင်ခန့်ဝေးသော ရှောင်စောန်းကျေးရွာသို့လည်ပတ်ခဲ့ကြပြီး၊ ညနေပိုင်းတွင် ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းဆောင်ရွက်မည့် လိုင်လိုကျေးရွာသို့ သွားရောက်ကာ ခွါဒိုပွဲတော်၏ အနှစ်သာရတစ်ခုဖြစ်သော ပျားဖွပ်ခြင်း/သယ်ခြင်းဓလေ့ အပါအဝင် ရိုးရာအစီအစဉ်များလည်းဖြင့်ကျင်းပပြုလုပ်ကြမည်ဟု လူမှုရေးဝန်ကြီးကပြောသည်။ ရှောင်စောန်းကျေးရွာသည် ရှောင်စောန်းဘာသာဝင်တို့၏ ဌာနချုပ်ဖြစ်ပြီး အလွန်ထူးခြားသော ဘာသာရေးကျင့်သုံးမှု များရှိသည့်ရွာဖြစ်သည်။
လိုင်လိုင်ကျေးရွာသည် ချင်းရိုးရာအိမ်များဖြင့် တစ်ရွာလုံးနေထိုင်သည့်ရွာဖြစ်သည်။ ခွါဒိုပွဲတော် ဒုတိယနေ့ အောက်တိုဘာ ၁၅ ရက်တွင် တီးတိန်မြို့ကမ်းဟောက် အားကစားကွင်း၌ ခွါဒိုပွဲတော် မုဒ်ဦးဖွင့်လှစ် ခြင်း၊ ကျောက်စာတိုင် စိုက်ထူခြင်း၊ ဒေသတွင်းအခြေစိုက် ရိုးရာယဉ်ကျေးမှုအဖွဲ့ ၁၂ ဖွဲ့ကရိုးရာအကများဖြင့်တင်ဆက်ကြ မည်ဖြစ်သည်။ ချင်းသမိုင်းသုတေသန ပညာရှင်များ၏ တွေ့ရှိချက်အရ ခွါဒိုပွဲတော်ကို ကျိမ်နွဲ့ရွာသူကြီး ပူတွကြောင်ခေတ် အေဒီ ၁၄၀၀ ပတ်ဝန်းကျင်တွင် စတင်ကျင်းပသည်ဟု ယူဆမှုများ ရှိခဲ့ရာ ရက်အတိအကျ မသိရသော်လည်း မှန်းဆချက်များအရ နှစ်ပေါင်း (၆၀၀) ကျော်ရှိခဲ့သည်ဟု သိရှိရသည်။
ခွါဒိုပွဲတော်၏ အဓိပ္ပာယ်မှာ ချင်းစကားဖြစ်သည့် Khua နှင့် Do နှစ်လုံးပေါင်းထားခြင်း ဖြစ်ပြီး ခွါ ဆိုသည်မှာ Khuazing= နတ်၊ မကောင်းဆိုးဝါး၊ Khuavak= ဘုရားဖြစ်ပြီး ဒို ဆိုသည်မှာ နှင်ထုတ်၊ တိုက်ခိုက်၊ ကြိုဆို၊ ဧည့်ခံ ဆိုသည့် အဓိပ္ပာယ် ဖြ်စသည်။
ထို့ကြောင့် ခွါဒိုပွဲတော်ကို ရိုးရာနှစ်ကူးပွဲ သို့မဟုတ် ကောက်ရိတ်သိမ်းပွဲ၊ သို့မဟုတ် မကောင်းဆိုးဝါး နှင်ထုတ်ပြီး ကံကောင်းခြင်းနှင့် မင်္ဂလာရှိမှုအားကြိုဆိုခြင်း ပွဲတော်ဟုလည်း အနက်အဓိပ္ပာယ် ဖွင့်ဆိုကြသည်။ ခွါဒိုပွဲတော် ကျင်းပသည့်ရက်မှာ တိကျသည့် သတ်မှတ်ချက် မရှိပေ။ ကျေးရွာဒေသအ လိုက် တောင်ယာသီးနှံ ရိတ်သိမ်း ပြီးခြင်းအပေါ် အမှီပြု၍ ကျေးရွာခေါင်းဆောင်များနှင့် တိုင်ပင်ကာ စက်တင်ဘာလ နှင့် အောက်တိုဘာလ အကြား အဆင် ပြေဆုံးရက်ကို ရွေးချယ်ကာ ကျင်းပ ကြခြင်း ဖြစ်သည်။







