ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ဒေသ၏ နှစ် ၅၀ ပြည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာပွဲကို မိုင်နောင်းအာ(မိနန်းအပ်) ကျေးရွာဘုန်းတော်ကြီးကျောင်း၌ စက်တင်ဘာ ၈ ရက်က ပြုလုပ်ခဲ့ပြီး ကရင်လက်နက်ကိုင်အဖွဲ့များ၊ ပါတီများ၊ ဒေသခံများ အပါအဝင် လူထု ၁,ဝဝ၀ ကျော် တက်ရောက်ဆင်နွှဲခဲ့ကြသည်။
ကျိုက်ဒုံမြို့ဒေသ ရွာပေါင်း ၂၀ ရွာမှ စုပေါင်းပြုလုပ်သော ယင်းချည်ဖြူဖွဲ့ပွဲတော်ကို KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ကရင်နယ်ခြားစောင့်တပ်BGF၊ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) ဗဟို ကော်မတီဝင်များနှင့် ဒေသခံများ စုပေါင်းပါဝင်ဆင်နွှဲခဲ့ခြင်းဖြစ်သည်။
ပွဲဖြစ်မြောက်ရေး ဒု-ဥက္ကဌ စောမူလျားဖောင်က“အခုလို ပွဲကို ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပါတီ တွေက ကရင်လူထုတွေနဲ့အတူ ပူးပေါင်းဆင်နွှဲခြင်းအားဖြင့် အချင်းချင်းနားလည်မှုရှိရှိနဲ့ ပိုမိုချစ်ကြည်ရင်းနှီးပြီး စည်းလုံးညီညွတ်မှုကို ပြသမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အားလုံးကို ဖိတ်လိုက်တာပါ။”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ကရင်အဖွဲ့အစည်းများအပြင် NLD-အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စောရှားဖောင်အွာ၊ နယ်မြေခံ အစိုးရ တပ်မတော်မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြသည်။
၎င်းရိုးရာ လက်ချည်ပွဲ အခမ်းအနားတွင် လူစုံတက်စုံဖြင့် မင်္ဂလာဖားစည်တီးရင်း လူကြီးသူမများက တက်ရောက်လာသူများအား လက်ကောက်ဝတ်များတွင် ချည်ဖြူ၊ချည်နီများ ရစ်ပတ်ချည်နှောင်ပေးခြင်း၊ ကရင်တေးသံရှင်နှင့် ဝါသနာရှင်များကလည်း တေးသီချင်းများ၊ အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြသည့်အပြင် ကြိုတင် ပြုလုပ်ကျင်းပထားသည့် သီချင်းဆိုပြိုင်ပွဲ၊ ဘောလုံးအားကစားပြိုင်ပွဲများအတွက် ဆုများကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဝါခေါင်လသည် မိုးရာသီဖြစ်၍ ရောဂါဘယ ထူပြောသောလဖြစ်သည့်အပြင် မကောင်းဆိုးဝါးများလည်း ပူးကပ်နိုင်သည်ဟု အယူအဆရှိကာကရင်လူမျိုးများ၏ ရှေးဘိုးဘွားများက မိမိတို့၏ သားသမီး၊ မြေးမြစ်များကို အဆိုပါဘေးရန်များမှ ကင်းဝေးစေနိုင်ရန် ရည်ရွယ်ပြီး ကောက်ညှင်းထုပ်ဖင်ချွန်၊ ချည်ဖြူ၊ ငှက်ပျောသီး၊ ရေ၊ နတ်ပန်းညို၊ ထမင်းဆုပ်နှင့် ကြံ စသည့်ပစ္စည်း (၇)မျိုးဖြင့် ချည်ဖြူထုံးဖွဲ့ ပေးခြင်းဖြစ်သည်။
အလားတူ ပြည်တွင်းပြည်ပရှိ ကရင်လူမျိုးများကလည်း ရိုးရာကို ထိန်းသိမ်းသောအားဖြင့် လည်းကောင်း၊ ရောဂါဘယများနှင့် မမြင်အပ်သော မကောင်းဆိုးဝါးများရန်မှ ကင်းဝေးစေရန်အတွက်လည်းကောင်း ဝါခေါင်လ ရောက်တိုင်း မိသားစုအလိုက်ဖြစ်စေ၊ ရပ်ရွာ၊ မြို့နယ်အလိုက်ဖြစ်စေ ချည်ဖြူဖွဲ့ မင်္ဂလာပွဲကို အစဉ်အလာမပျက် နှစ်စဉ် ကျင်းပလေ့ရှိကြသည်။







