ရုပ်ရှင်ရုံမရှိသောစစ်တွေတွင် ရုပ်ရှင်ရုံတည်ဆောက်ရန် မြေနေရာတင်ပြ

ရုပ်ရှင်ရုံမရှိသောစစ်တွေတွင် ရုပ်ရှင်ရုံတည်ဆောက်ရန် မြေနေရာတင်ပြ
by -
မာန်ယုကျော် (ရွှေဝမြေ)

ရုပ်ရှင်ရုံ တစ်ရုံမှ မရှိသော ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ရုပ်ရှင်ရုံတစ်ရုံတည်ဆောက်နိုင်ရန် ရုပ်ရှင်သရုပ်ဆောင် ဦးအောင်လွင်နှင့် ဦးလွင်မိုးတို့က ပြည်နယ်အစိုးရထံ တင်ပြထားကြောင်း သိရသည်။

ရုပ်ရှင်သရုပ်ဆောင်ဦးအောင်လွင်နှင့် ဦးလွင်မိုးတို့သည် သြဂုတ်လ ၃ဝ ရက်နေ့က စစ်တွေမြို့သို့ လာရောက်ပြီး မိဇံရပ်ကွက်ရှိ ပန်းခြံနေရာတွင် ရုပ်ရှင်ရုံတည်ဆောက်နိုင်ရန် ရခိုင်ပြည်နယ် အစိုးရထံ တင်ပြခဲ့သည်ဟု ရုပ်ရှင်ရုံ ဖြစ်မြောက်ရေး လိုက်ပါဆောင်ရွက်ပေးနေသူ ရခိုင်အဆိုတော် မြတ်ခိုင်ကျော်က နိရ ဉ္စရာသို့ပြောသည်။

"အဲဒီနေရာကိုပဲ ကျနော်တို့ မြေစာရင်းနဲ့တွေ့ပြီးတော့ အဆိုပြုလွှာတော့တင်ထားတယ်။ ရမလား၊ မရဘူးလားမသိဘူးပေါ့လေ။ ရရင်တော့ အဲဒီနေရာမှာ ဆောက်မယ် "ဟု သူက ပြောသည်။

ယခင်က စစ်တွေမြို့တွင် မြရုံ၊ မြို့မရုံ၊ အသံထွက်ရုပ်ရုံ ၃ ရုံထိ ရှိခဲ့သော်လည်း ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရလက်ထက်တွင် အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်ရုံ တစ်ရုံမှ မကျန်တော့သော အနေအထားသို့ ရောက်ရှိသွားခဲ့သည်။

စစ်တွေမြို့တွင် အဆိုပါရုပ်ရှင်ရုံကိုတည်ဆောက်နိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက်ရသည်နှင့် မြေနေရာကို နှစ်ရှည်ငှားရမ်းကာ (၃)လနှင့်အပြီး တည်ဆောက် သွားမည်ဟုလည်း သိရသည်။

"ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာ ရုပ်ရှင််ရုံ အနည်းဆုံး တစ်ရုံတော့ ရှိသင့်တာပေါ့။ ဒါပေမယ့် ခေတ်နဲ့အညီ အဆင့်မီ ရုပ်ရှင်ရုံမျိုးတော့ လိုချင်ပါတယ်။ ရုပ်ရှင်ကားတစ်ကားကို နှစ်ပတ်၊ သုံးပတ် ပြတာမျိုးလေ။ လူတွေလည်း စိတ်အပန်းဖြေနိုင်တာပေါ့ "ဟု မြို့ခံ ကိုနေထွန်းလင်းက ပြောသည်။

စစ်တွေမြို့တွင် ယခင်က မြရုပ်ရှင်ရုံတွင် မြန်မာဇာတ်ကားကို ပြသပြီး မြို့မရုပ်ရှင်ရုံတွင် နိုင်ငံခြားဇာတ်ကားများကို ပြသခဲ့သည်။ စစ်တွေတွင် ရုပ်ရှင်ရုံ မရှိ၍ ရုပ်ရှင်ကား မကြည့် ရသည်မှာ ဆယ်စုနှစ် (၂) ခုနီးပါးခန့်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...
April 27, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေကျေးရွာများအား မြန်မာစစ်တပ်က...
April 25, 2026
ကျော်သီဟ — ရခိုင်ပြည်ရှိ စေတနာအာရက္ခပြည်သူအကျိုးပြုဆေးခန်းက လေးလအတွင်း စစ်ဘေးရှောင်နှင့်...