သယံဇာတရောင်းပြီး ငွေမရှာချင်သောကြောင့် အခွန်ကောက်ခံခြင်းဟု နိုင်ငံတော်၏ အတိုင်ပင်ခံပြောကြား

သယံဇာတရောင်းပြီး ငွေမရှာချင်သောကြောင့် အခွန်ကောက်ခံခြင်းဟု နိုင်ငံတော်၏ အတိုင်ပင်ခံပြောကြား
by -
အောင်မြတ်သူ

နိုင်ငံတစ်နိုင်ငံအနေဖြင့် သိက္ခာရှိရှိ ရပ်တည်နိုင်ရန်  အစိုးရအနေဖြင့် အခွန်ကောက်ခံနေခြင်းသည် တိုင်းပြည်၏ သယံဇာတများကို ရောင်းပြီး   ငွေမရှာချင်သောကြောင့်  ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“မျှတအောင်လို့ ကျွန်မတို့ အတတ်နိုင်ဆုံး ကြိုးစားပြီးတော့ လုပ်ပါမယ်။ ပေးတဲ့လူတွေရောပေါ့နော်။ ပေးတဲ့လူတွေအတွက်လည်း မျှမျှတတ ဖြစ်အောင်လို့၊ အစိုးရအတွက်လည်း မျှမျှတတ ဖြစ်အောင်လို့၊ အစိုးရ အတွက်ဆိုတာ အစိုးရဟာ နိုင်ငံ့အတွက် သုံးဖို့ငွေလို လို့ပါ။ ဒီအခွန်အကောက်တွေ မရှိဘဲနဲ့ ကျွန်မတို့နိုင်ငံရဲ့ သယံဇာတပစ္စည်းတွေကို ရောင်းချပြီးတော့ ငွေရှာတဲ့ကိစ္စမျိုး ကျွန်မတို့ မလုပ်ချင်ပါဘူး” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

စီးပွားရေး လုပ်ငန်းရှင်များ၊ သာမန်ပြည်သူများတို့ထံမှ ချွေးနှဲစာများကို ဖြတ်ယူခြင်းမဟုတ်ပဲ ပြည်သူများ အတွက် ပြန်လည်သုံးစွဲရန်သာဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သေးသည်။

ယမန်နေ့ (သြဂုတ်လ ၂၇ ရက်နေ့) နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် ကျင်းပပြုလုပ်သော စီးပွားရေုးလုပ်ငန်းရှင်များနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ တွေ့ဆုံသည့်ပွဲတွင် မြန်မာနိုင်ငံ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းရှိန်၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းရှိန်က ဆောက်လုပ်ရေး တိုက်ခန်းများ ကဏ္ဍတွင် ပြည်တွင်းမှ ဝယ်ယူသူများ ၊ နိုင်ငံခြားမှ ဝယ်ယူသူများ အပေါ်တွင် အခွန်နှုန်းများကို ဖြေလျော့ပေးရန်နှင့် အခွန်နှုန်းသတ်မှတ်ရာတွင် သက်ဆိုင်ရာဌာနများနှင့် လုပ်ငန်းရှင်များ သေချာစွာဆွေးနွေးပြီးမှ လုပ်ဆောင်ပေးရန် တောင်းဆိုမေးမြန်းခဲ့သည်။

“၂၀၁၆ ခုနှစ်မှာ အခြေပစ္စည်းကရတဲ့ အခွန်အခ လိုင်းတားလိုက်ပါ။ ပေါင်းထားပါ။ ဒုတိယ ၂၀၁၇ ခုနှစ်မှာ အခြေပစ္စည်းက ရတဲ့တိုက်ခန်းတွေက ရတဲ့ငွေ၊ အခွန်အခရတဲ့ငွေ လိုင်းတားလိုက်ပါ။ ၂၀၁၈ ခုနှစ်မှာ ရမယ့် အခွန်အခငွေ လိုင်းတားလိုက်ပါ။ ကျွန်တော်တို့ အခွန်နှုန်းတွေအတွက် လျှော့ပြီးမှ ၂၀၁၉ ခုနှစ်မှာ အကယ်၍ များ ၁၈ ထက်ကို ကျသွားမယ်ဆိုရင် လိုအပ်တဲ့ဘဏ္ဍာငွေအားလုံးကို ကွျွန်တော်တို့ဒီ မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌတစ်ယောက်အနေနဲ့တာဝန်ယူပြီးတော့ ကျွန်တော်တို့ အားလုံးစုပေါင်းပြီးတော့ ဖြည့်တင်းပြီးတာ့ လျော်ပါမယ်” ဟု ဦးဝင်းရှိန်က မေးမြန်းရာတွင် ပြောခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ရန်နှင့် ရေရှည်ခိုင်မာနိုင်ရန်အတွက် နိုင်ငံ အသုံးစရိတ် အတွက် လုံလောက်သည့် အခွန်အကောက်ပမာဏများ ရရှိရန်လိုအပ်ပြီး စီးပွားရေးလုပ်ငန်းရှင်များအားလုံးက ဝိုင်းဝန်းပြီးကူညီပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က  “ဘယ်နိုင်ငံမှာမှ အခွန်တွေက အသေသတ်မှတ်ထားတယ်လို့ မရှိပါဘူး။ အချိန်ကာလအားလျော်စွာ လိုရင်လိုအပ်သလို ပြောင်းလဲရတာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့လည်း ဒါကို ခေါင်းထဲမှာ ထားပါမယ်။ အထူးသဖြင့် နိုင်ငံတော် ရှုံးခဲ့လို့ရှိရင် အားလုံးပြန်ဆပ်မယ်ဆိုတော့လည်း ကျွန်မတို့ ဒီဟာကို လျော့လျော့ပေါ့ပေ့ါနဲ့ စဉ်းစားပေးဖို့ ကြိုးစားပါမယ်”ဟု ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်တွင်းစီးပွားရေး၊ ဒေါ်လာစျေးအတက်အကျအပါအဝင် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ မေးမြန်းဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ၏ ထိပ်တန််းစီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...