ရခိုင်အဖွဲ့အစည်းများမှ ကွယ်လွန်သွားခဲ့သည့် အဝေးရောက်သံတမန် ဦးခင်မောင်ကြည်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ရခိုင်အဖွဲ့အစည်းများမှ ကွယ်လွန်သွားခဲ့သည့် အဝေးရောက်သံတမန် ဦးခင်မောင်ကြည်အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ရခိုင်အမျိုးသားကောင်စီ ( ANC) နှင့် ဂျပန် အခြေစိုက် ရခိုင်အမျိုးသားပါတီ ဒီမိုကရက်တစ်ပါတီ (ANDP) တို့မှ သြဂုတ် ၂၄ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည့် အဝေးရောက်သံတမန် ဦးခင်မောင်ကြည် (၇၉) နှစ် အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာများ အသီးသီး ပို့ပေးခဲ့ကြသည်။

ရခိုင်အမျိုးသားကောင်စီ ( ANC) မှ ပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာထဲတွင် ဦးခင်မောင်ကြည် ကွယ်လွန်သွားသည်ကို ကြားသိရပါသဖြင့် မိသားစုများနှင့် ထပ်တူ ဝမ်းနည်းပါကြောင်း၊ မပြီးဆုံးသေးသော အမျိုးသားတန်းတူရေးတော်လှန်ရေး တိုက်ပွဲတွင် နာယကကြီး၏ ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့မှုတို့အတွက် ANC အနေဖြင့် ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါကြောင်း ပါရှိသည်။

၎င်းပြင် ANC ၏ ရေးသားပေးပို့သည့် စာထဲတွင် ဦးခင်မောင်ကြည်သည် အစိုးရနိုင်ငံခြားရေး ဝန်ကြီးဌာနတွင် တတိယ အတွင်းဝန် ရာထူးအဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပြီး (မဆလ) တစ်ပါတီ အာဏာရှင် စနစ်ကို မကြိုက်သဖြင့် ရာထူးတာဝန်ဝန်မှ အနားယူကာ ပြည်ပတွင် နိုင်ငံရေး ခိုလှုံခဲ့ကြောင်း၊ ထို့နောက် စစ်အာဏာရှင်စနစ် အကုန်အစင် တိုက်ဖျက်ရေးနှင့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေး၊ ကိုယ့်ကြမ္မာကိုယ် လွတ်လပ်စွာ ဖန်တီး ဆုံးဖြတ် ပိုင်ခွင့် ရှိသော စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် လက်နက်ကိုင်တိုက်ပွဲ၊ လူထု တိုက်ပွဲ၊ သံတမန်တိုက်ပွဲတို့တွင် သံတမန်ရေးရာ တိုက်ပွဲ မျက်နာစာ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ကြောင်း စစ်အာဏာရှင်တို့၏ နာမည် ဆိုးစာရင်း ( Blacklist) တွင်လည်း ထည့်သွင်းခြင်း ခံခဲ့ရကြောင်း ဖော်ပြသည်။

ဆက်လက်ပြီး ဦးခင်မောင်ကြည်သည် ၂၀၀၄ ခုနှစ်တွင် ANC စတင်ဖွဲ့စည်းချိန်မှ စ၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ( လွတ်မြောက်နယ်မြေ) ALD – Exile အဖွဲ့မှ တစ်ဆင့် နာယကကြီး အဆင့်ထိ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် စင်ပြိုင် ရေးဆွဲခဲ့သော ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပြည်နယ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲရေး ဖြစ်စဉ်တွင်လည်း တက်ကြွစွာဖြင့် ပါဝင်လူပ်ရှားခဲ့ကြောင်း၊ ကွယ်လွန်ချိန်အထိ သူ့ယုံကြည်ချက်အတိုင်း “ အဝေးရောက် သံတမန်တစ်ဦး” ကလောင်အမည်ဖြင့် ၎င်း၏ အတွေ့ အကြုံနှင့် အတွေးအခေါ်တို့ကို သတင်းဆောင်းပါး အမြောက်အမြား ရေးသားပြုစု ထုတ်ဝေ ဖြန့်ချီခဲ့ကြောင်း ANC မှ ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။

ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ ( ဂျပန်) မှ ပေးပို့သော သဝဏ်လွှာတွင် ဦးခင်မောင်ကြည် သည် စစ်အစိုးရ ဆန့်ကျင်ရေးဆောင်းပါးများ၊ မြန်မာဒီမိုကရေစီ ဖော်ဆောင်ရေး ဆောင်းပါးများ ရေးသားခဲ့ကြောင်း၊ မြန်မာနိုင်ငံရေး ရခိုင်အမျိုးသားရေးတို့တွင် အများ၏ လေးစားကြည်ညို ခံရသည့် ပုဂ္ဂိုလ် ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ အများအကျိုးအတွက် ဆောင်ရွက်နေသူ ဦးခင်မောင်ကြည် (အဝေးရောက်သံတမန်တစ်ဦး) ကွယ်လွန်ခြင်းသည် ကြီးမားဆုံးရှုံးမှု ဖြစ်ကြောင်း၊ ရခိုင်ပြည်သူများ၊ ကျန်ရစ်သူမိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြောင်း ဖော်ပြထားသည်။

ကျန်ရစ်သူမိသားစုမှ ထုတ်ပြန်ရာတွင် ဦးခင်မောင်ကြည် (၇၉) နှစ်သည် မာန်အောင်မြို ့ ဇာတိဖြစ်ပြီး မာန်အောင်မြို့နယ်အသင်း၏ ဥက္ကဋ္ဌဟောင်းလည်း ဖြစ်ပါကြောင်း၊ ရခိုင်အမျိုးသား ကောင်စီ (ANC) တွင် နာယက အဖြစ်လည်းကောင်း၊ နို်င်ငံခြားရေး ဝန်ကြီးဌာန MOFA တွင် တတိယအတွင်းဝန် အဖြစ်လည်းကောင်း၊ အဝေးရောက်သံတမန်တစ်ဦးအမည်ဖြင့် စာရေးသော စာရေးဆရာ တစ်ဦး ဖြစ်ပါကြောင်း၊ လန်ဒန် မြို့ နေအိမ်၌ (၂၄-၈ -၂၀၁၈) နေ့ဒေသစံတော်ချိန် ည(၁၀) နာရီတွင်ကွယ်လွန်ခဲ့ကြောင်း၊ ကွယ်လွန်သူ ကိုယ်တိုင် ဆေးသုတေသနဌာနသို့ ကြို တင်လှူဒါန်းထားခဲ့သည့် အတိုင်းကြွင်းကျန်သောရုပ်ကလပ် အားပေးအပ်လှူ ဒါန်ပြီးဖြစ်ပါကြောင်း၊ ကွယ်လွန်သူအားရည်စူးပြီး လန်ဒန်မြို ့နေအိမ်တွင်(၃၀-၈ -၂၀၁၈) ကြာသပတေးနေ့ နံနက်တွင် ရက်လည်ဆွမ်းသွပ်ပွဲပြုလုပ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...