လိုပြသက်သေ လျှောက်လဲချက် တရားရုံးသို့ မရောက်ရှိသေး၍ မြောက်ဦးမှ ဖမ်းခံထားရသူ ၈ ဦးကို စွဲချက်မတင်နိုင်

လိုပြသက်သေ လျှောက်လဲချက် တရားရုံးသို့ မရောက်ရှိသေး၍ မြောက်ဦးမှ ဖမ်းခံထားရသူ ၈ ဦးကို စွဲချက်မတင်နိုင်
by -
စံမောင်သန်း

မြောက်ဦးဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံရသူ ၈ ဦး အမှုကို သြဂုတ် ၂၃ ရက် (၁၉) ကြိမ်မြောက် ရုံးချိန်းတွင် စွဲချက်တင်/ မတင် ဆုံးဖြတ်မည် ဖြစ်သော်လည်း တရားလိုပြ သက်သေများ၏ လျှောက်လဲချက် စစ်တွေမြို့နယ် တရားရုံးသို့ မရောက်ရှိသေး၍ မဆုံးဖြတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ စွဲချက်တင်သင့်/ မသင့်နဲ့ ပတ်သက်ပြီး တရားရုံးက အမိန့်ချမှတ်ဖို့ဟာကို စောင့်နေကြတာ ကြာပါပြီ။ အခုအချိန်ထိ မချမှတ်နိုင်သေးတာဟာ တမင်တကာ အချိန်ဆွဲ နေတယ်လို့ ထင်ပါတယ်။ ကျနော်တို့ ထောင်ထဲမှာ နေရာတာလဲ အဆင်မပြေ ကြပါဘူး”ဟု ဒဏ်ရာကြောင့် ချိုင်းထောက်ဖြင့် သွားလာနေရသူ ကိုကျော်ကျော်နိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

တရားလိုပြ သက်သေများ၏ လျှောက်လဲချက် တရားရုံးသို့ မရောက်ရှိဘဲဖြစ်နေခြင်းမှာ ၎င်းတို့ အဝေးသို့ ရောက်ရှိနေ၍ ဖြစ်ကြောင်း သူက ပြောကြားသည်။

“တစ်ပတ်တစ်ခါ မြောက်ဦးကနေ စစ်တွေကို လာနေရတာ (၁၉) ကြိမ်ရှိသွားပါပြီ။ မိသားစုမှာ ရှိတဲ့ဟာလေးတွေကို ထုတ်ရောင်းပြီး ခုအမှုကိစ္စမှာသုံးနေကြရပါတယ်။ မိသားစု တော်တော် များက စားဝတ်နေရေး အခက်အခဲတွေ ရှိနေကြပါတယ်။ အဝေးရောက် ရခိုင်လူမျိုးတွေ အနေနဲ့လည်း မြောက်ဦးမြို့က ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုတွေကို တတ်နိုင်သလောက် အကူအညီပေးစေချင်ပါတယ်”ဟု ချိုင်းထောက်ဖြင့် လမ်းလျှောက်နေရသူ မောင်အောင်ဌေး အသက် (၁၇) ၏ ဖခင်ဖြစ်သူ ဦးအောင်ဘသာက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရုံးချိန်းအပတ်တိုင်း မြောက်ဦးမြို့မှ စစ်တွေမြို့သို့ လာနေရသည့်အတွက် မိသားစုများ အခက်အခဲ ရင်ဆိုင်နေကြရသည်ဟု သိရသည်။

ဖမ်းဆီးခံထားရသူ ၈ ဦးအထဲတွင် ယခုအချိန်ထိ ချိုင်းထောက်ဖြင့် လမ်းလျှောက်နေရသူ ၃ ဦးရှိပြီး ၄င်းတို့မှာ ဦးအောင်ကျော်မြင့် (၄၆) နှစ်၊ ကိုကျော်ကျော်နိုင် (၂၀) ကျော်နှင့် မောင်အောင်ဌေး (၁၇) နှစ် ဖြစ်သည်ဟု သိရသည်။

“ထောင်ထဲမှာလည်း ဆေးတွေ သောက်ရပါတယ်၊ ဒါပေမယ့် သိပ်အဆင်မပြေသေးပါဘူး။ ဒီလကုန်ရင်တော့ ဓာတ်မှန် ရိုက်ပေးမယ်လို့ ပြောတယ်။ ကျနော်တို့အနေနဲ့ကတော့ အပြင်မှာ ဆေးကုသခွင့် ရရှိစေလိုပါတယ်” ဟု ကိုကျော်ကျော်နိုင်က ပြောသည်။

ဖမ်းဆီးခံနေရသူများ၏မိသားစုဝင်များ အနေဖြင့်လည်း အမှုကို အချိန်မဆွဲဘဲ တရားရုံးက အလျင်အမြန် ဆုံဖြတ်ပေးစေလိုသည်ဟု ဆိုသည်။

နောက်တစ်ပတ် ၂၀ ကြိမ်မြောက်ရုံးချိန်းကို စက်တင်ဘာလ ၆ ရက်နေ့ကို ချိန်းလိုက်သည်ဟု သိရသည်။

၂၀၁၈ ခု၊ ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးမြို့တွင် ၂၃၃ နှစ်မြောက် ရခိုင့်အချုပ်အခြာ အာဏာ ကျဆုံးခြင်း အထိမ်းအမှတ်အတွက် ဟောပြောပွဲကို အာဏာပိုင်များက အချိန်ကပ်ပြီး တားမြစ်ခဲ့သဖြင့် ဟောပြောပွဲ ပြုလုပ်ခွင့်ရရှိရန် ဟောပြောပွဲ အခမ်းအနားသို့ တက်ရောက် လာသူများက ဆန္ဒပြ တောင်းဆိုခဲ့ကြရာ ရဲက သေနတ်ဖြင့် ပစ်ခတ် နှိမ်နင်းခဲ့၍ လူ ၇ ဦး သေဆုံးပြီး၊ ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

September 17, 2026
ရခိုင်/အာရက္ခပြည်၊ ပေါက်တော (ဝီရဌာနီ) မြို့နယ်၊ အနောက်ဖရုံကာကျွန်း (ခ)...
September 17, 2026
ရန်ကုန်မြို့တွင် စစ်အုပ်စုတပ်၏ မတရား ဖမ်းဆီးပေါ်တာဆွဲမှုများ များပြားနေချိန်၌...
September 16, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်အုပ်စုတပ်တို့အကြား တိုက်ပွဲများသည် ရွှေမင်းဂံ ရေတပ်စခန်းအနီး ချောင်း...
နတ်ရေကန်စခန်း - ပုံဟောင်း / Credit
September 15, 2026
မကွေးတိုင်း၊ ပဒါန်းအနီးရှိ နတ်ရေကန်သို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်၏ ဒရုန်းများကို...