ရသေ့တောင်မြို့နယ် ခနောင်ကြီးကံပြင်မှ အိမ်၅ လုံးကို ၁၀ ရက်အတွင်း ပြောင်းရွှေ့ရန် အမှတ်(၅၃၆) တပ်ရင်းမှ အမိန့်ထုတ်

ရသေ့တောင်မြို့နယ် ခနောင်ကြီးကံပြင်မှ အိမ်၅ လုံးကို ၁၀ ရက်အတွင်း ပြောင်းရွှေ့ရန် အမှတ်(၅၃၆) တပ်ရင်းမှ အမိန့်ထုတ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ခနောင်းကြီး ကျေးရွာအုပ်စု၊ ကံပြင်ကျေးရွာမှ အိမ် ၅ လုံးကို အမှတ် (၅၃၆) တပ်ရင်းနယ်မြေအတွင်း ကျူးကျော်ဝင်ရောက် အိမ်ဆောက်နေထိုင်သည်ဟု ဆိုကာ လာမည့် သြဂုတ် ၃၁ ရက်နေ့ကို နောက်ဆုံးထားပြီး ဖယ်ရှားပေးရန် တပ်ရင်းမှူးကိုယ်စား ဗိုလ်ကြီး စိုးအောင်မှ လက်မှတ်ရေးထိုးပြီး သြဂုတ်လ ၂၁ ရက်နေ့တွင် အမိန့်ထုတ်ထားသည်ဟု သတင်းရရှိသည်။

အိမ်ဖြိုခံရမည့်အထဲတွင် ပါဝင်သည့် ကံပြင်ကျေးရွာမှ ဒေါ်ဦးခင်မြင့်က “ဒီလ ၂၁ ရက်နေ့က ရသေ့တောင်မြို့ အခြေစိုက် အမှတ်( ၅၃၆) ခြေမြန် တပ်ရင်းက တပ်ရင်းမှူးကိုယ်စား ဗိုလ်ကြီး စိုးအောင် လက်မှတ်ရေးထိုုးပြီး ဒီအိမ်ငါးလုံးကို ရှင်းလင်းဖယ်ရှားဖို့ အမိန့်ထုတ်လိုက်တာပါ။ စာထဲမှာ စစ်တပ်ပိုင် ယာမြေမှာ ကျူးကျော် အိမ်ဆောက်လုပ်ထားတဲ့အတွက် ဒီလ ၃၁ ရက်နေ့ကို နောက်ဆုံး ထားပြောင်းရွှေ့ရမယ်၊ မပြောင်းရွှေ့ရင် တရားဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက် သွားမယ်လို့ ပါရှိပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

၎င်းအိမ်၅ လုံးမှာ စစ်တပ်ပိုင်မြေတွင် ကျူးကျော် ဆောက်လုပ်ထားခြင်း မဟုတ်ဘဲ ရွာမြေတွင် ဆောက်ထားသော အိမ်များသာ ဖြစ်ကြောင်း သူမက ပြောကြားသည်။

“ အိမ် ၅ လုံးမှာ ၂ လုံးက စစ်တပ် တပ်ရင်း မချခင်ကတည်းက ဆောက်ထားတာပါ။ နောက် အိမ်သုံးလုံးကို ဆောက်ထားတာက ၆ နှစ်- ၇ နှစ်ရှိနေပါပြီ။ သူတို့က မြေပုံတွေကို ကိုင်ပြီး လာပါတယ်။ ကျွန်မတို့အိမ်တွေဟာ စစ်တပ် မြေထဲမှာ ပါနေတယ်။ ဖယ်ပေးရမယ်လို့ ပြောပါတယ်” ဟု ဒေါ်ဦးခင်မြင့်က ဆက်လက် ပြောဆိုသည်။

အမှတ်( ၅၃၆) ခြေမြန် တပ်ရင်းက တပ်ရင်းမှူးကိုယ်စား ဗိုလ်ကြီး စိုးအောင် လက်မှတ်ရေးထိုုးပြီး ခနောင်းကြီး အုပ်ချုပ်ရေးမှူးထံသို့ သြဂုတ် ၂၁ ရက်နေ့ ပေးပို့ထားသော စာထဲတွင် “ တပ်ပိုင်မြေအတွင်း ကျူးကျော်နေထိုင်သူများ ဖယ်ရှားရှင်းလင်းပေးရန် အကြောင်းကြားခြင်း” ဟု ပါရှိပြီး အမှတ်( ၅၃၆) ခြေမြန် တပ်ရင်းတွင် တပ်တွင်းမြေ ၂၅၃ ဒသမ ၉၂ ဧကဖြစ်ပြီး ၎င်းတို့ အထဲတွင် လယ်မြေ ၂၂၆ ဒသမ ၈၁ ဧက၊ ယာမြေ ၁ဒသမ ၀၈ ဧက၊ ဥယျာဉ်မြေ ၁၆ ဒသမ ၀၃ ဧက၊ မြေလွတ်မြေရိုင်း ၁၀ ဒသမ ၀၀ ဧက တို့ဖြစ်ကြောင်း ယခု ကံပြင်ရွာမှ အိမ် ၅ လုံးမှာ ယာမြေ ၁ ဒသမ ၀၈ ဧကတွင် ကျူးကျော်အိမ်များဖြစ်သဖြင့် သြဂုတ် ၃၁ ရက်နေ့ကို နောက်ဆုံး အပြီးရွှေ့ပြောင်းရန်နှင့် သတ်မှတ်ကာလအတွင်း ရွှေ့ပြောင်းပေးခြင်း မရှိပါက တရားဥပဒေနှင့် အညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပါရှိသည်။ 

ပြောင်းရွှေ့ခိုင်းသည့် အိမ် ၅ လုံးမှာ ဦးမျိုးတေဇာအောင်၊ ဦးသန်းမြင့်၊ ဦးအောင်ကျော်လှ၊ ဦးရှိုင်းဝင်းကိုနှင့် ဦးမောင်သန်းအေးတို့ အိမ်များ ဖြစ်ကြသည်။

“ ကျွန်မတို့မှာ တစ်ခြား ပြောင်းရွှေ့စရာ နေရာလည်း မရှိပါဘူး။ ရွာမှာလည်း အိမ်ဆောက်ဖို့ မြေလွတ်မရှိပါဘူး။ ဒါ့ပြင် အိမ်သစ်ဆောက်ဖို့ ပိုက်ဆံလည်း မရှိပါဘူး။ အကုန်လုံး လက်လုပ် လက်စားတွေပါ။ သူတို့ကတော့ ပြောင်းရွှေ့ရမယ်။ တပ်မြေမှာ ကျူးကျော်ဆောက်လုပ်ထားတဲ့ အတွက် ပိုက်ဆံလည်း တစ်ပြားတစ်ချပ်မှ မပေးနိုင်ဘူးလို့ ပြောပါတယ်။ အခု ကျွန်မတို့ အိမ်တွေက ရွာနဲ့လည်း တစ်ဆက်တည်းပါ။ တပ်မြေနဲ့လည်း ဝေးပါတယ်။ တပ်မြေလို့ တိုင်စိုက်ထားတဲ့ တိုင်ရဲ့ ဒီဘက် ရွာဘက်မှာ ဆောက်ထားတာပါ။ တပ်ဘက်မှာ ဆောက်ထားတဲ့ အိမ်တွေလည်း မဟုတ်ပါဘူး” ဟု ဒေါ်ဦးခင်မြင့်က ပြောဆိုသည်။

နိရဥ္စရာ သတင်းဌာနမှ ကံပြင်ရွာ ဆယ်အိမ်မှူး ဦးကျန်စိုးကို ဆက်သွယ်မေးမြန်းရာ ကံပြင်ရွာမှ အိမ် ၅ လုံးအပြင် သောက်ရေကန် တစ်ကန်လည်း တပ်မြေထဲ ပါဝင်သွားခဲ့သည်ဟု ဆိုသည်။

“ ဒီအိမ်တွေက တပ်မြေမှာ ကျူးကျော်ဆောက်ထားတာ မဟုတ်ပါ။ အိမ်နှစ်လုံးဆိုရင် ပါတီ ကောင်စီခေတ်ကတည်းက ဆောက်ထားတာပါ။ အမှတ် (၅၃၆) တပ်ရင်းတောင် မရှိသေးပါဘူး။ ဒါကို ကျူးကျော်တယ်ဆိုပြီး ဖြိုခိုင်းတာပါ။ ရွာကသောက်ရေကန် တစ်ကန်လည်း ပါသွားပါတယ်။ သူတို့က တပ်ခြံစည်းရိုးကာမယ်ဆိုပြီး အိမ်တွေကို ရွှေ့ခိုင်းနေတာ ဖြစ်ပါတယ်။ ....သစ်ပင်တွေတောင် အိမ်ခြံတွေရှေ့မှာ လာစိုက်ပါတယ်” ဟု ပြောကြားသည်။

ခနောင်းကြီး အုပ်စု ကံပြင်ရွာမှာ အိမ်ခြေ ၃၀ ခန့်သာ ရှိသော ရွာငယ် တစ်ရွာဖြစ်ပြီး အမှတ် (၅၃၆) တပ်ရင်း စတင် တည်ဆောက် စဉ်ကလည်း မြေဧက ရာနှင့် ချီပြီး သိမ်းဆည်းခံခဲ့ကြရပြီး ယခုတခါ ရွာထဲမှ အိမ် ၅ လုံးကိုပါ တပ်မြေထဲ ကျူးကျော်သည်ဟု ဆိုကာ ပြောင်းရွှေ့ရန် အမိန့်ထုတ်လာသဖြင့် ကျေးရွာသားများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံတော် အဆင့် တာဝန် ရှိသူများသို့ အသနားခံစာရေးပြီး မပြောင်းရွှေ့ရအောင် မေတ္တာရပ်ခံသွားမည်ဟုလည်း ဆယ်အိမ်မှူး ဦးကျန်စိုးက ပြောကြားသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...