ရခိုင်လူမှုအဖွဲ့အစည်းများ (ရန်ကုန်) မှ တာဝန်ရှိသူများသည် သြဂုတ် ၂၂ ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်းသို့ ကိုယ်တိုင်သွားရောက်ပြီး ရွာဖြိုဖျက်ခံလိုက်ရ၍ အခက်အခဲ ကြုံတွေ့နေရသော သင်္ဘောကွေ့ကျေးရွာသားများသို့ အကူအညီများ ပေးအပ်ခဲ့ကြသည်။
ထိုသို့ ကူညီရာတွင် မိသားစုတစ်စုကို ငွေကျပ် ၁ သိန်းဖြင့် မိသားစု ၃၅ စုသို့ ကူညီ ထောက်ပံ့ ပေးခဲ့သည့် အပြင် မိသားစု တစ်စုကို ဆန် တစ်အိတ်နှင့် ဆီတစ်ပိဿာစီ ကူညီ ခဲ့ကြသည်။
၎င်းပြင် သင်္ဘောကွေ့ရွာကို တည်ထောင်သဖြင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီး တရားစွဲခံထားရသည့် ဦးထွန်းမြင့်နှင့် ဇနီးဖြစ်သူ ဒေါ်ဥမ္မာကျော်တို့ မိသားစု အတွက်လည်း ကျပ်ငွေ (၅) သိန်း ထောက်ပံ့ ကူညီခဲ့သည်ဟု သိရသည်။
“ဒီသင်္ဘောကွေ့ကျေးရွာဆိုတာ ကျွန်တော်တို့ ရခိုင်တွေရဲ့ ဘိုးဘွားစဉ်ဆက် နေလာခဲ့တဲ့နေရာပါ။ အခုဒီမှာ ရှိနေတဲ့ လူတွေဟာ မိမိအိုးအိမ် ရပ်ရွာတွေကို စွန့်ခွာပြီးတော့ အနောက်တံခါး ကာကွယ်ရေးအတွက် မိမိတို့ ဘိုးဘွားပိုင် မြေမှာ လာပြီးရွာတည်ကြသူတွေပါ။ အာဏာပိုင်တွေရဲ့ ကျေးရွာဖြိုဖျက်မှုကြောင့် သူတို့တွေဟာ ဒီနေ့အချိန်မှာ အိုးမဲ့၊ အိမ်မဲ့၊ စားစရာမဲ့ ဖြစ်နေကြပါတယ်။ ကိုယ်လူမျိုးအချင်းချင်း၊ လူသားအချင်းချင်း စာနာထောက်ထားပြီးတော့ ကျွန်တော်တို့ ခုလို လာရောက် ကူညီတာ ဖြစ်ပါတယ်”ဟု ရခိုင်လူမှုအဖွဲ့အစည်းများ (ရန်ကုန်) မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဦးစောသာမောင်က သတင်းထောက်များကို ပြောသည်။
ဒေသအာဏာပိုင်များသည် ဇူလိုင်လ ၉ ရက်နေ့က သင်္ဘောကွေ့ကျေးရွာ ဖြိုဖျက်လိုက်သဖြင့် အဆိုပါကျေးရွာတွင် နေထိုင်ခဲ့သည့် မိသားစုထဲမှ မိသားစု ၄၉ စု ၊ လူဦးရေ ၁၈၀ သည် ကျောက်ပန္ဒူဘုန်းတော်ကြီးကျောင်းသို့ ခိုလုံခဲ့ကြရပြီး ကျန်မိသားစု ၂ စုမှာ အင်းဒင်ကျေးရွာသို့ ရောက်ရှိသွားကြသည်ဟု သိရသည်။
လောလောဆယ်တွင် ကျောက်ပန္ဒူရွာတွင် မိသားစု ၃၅ စု ရှိနေပြီး တဲထိုးနေထိုင်နေကြရသည်ဟု သိရသည်။ သင်္ဘောကွေ့ ကျေးရွာသို့ သွားရောက် အကူအညီပေးရာတွင် စစ်တွေမြို့ပေါ်မှ ဆရာတော်ကြီး ၃ ပါးနှင့် ပရဟိတလုပ်နေသူတစ်ချို့၊ ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးနှင့် ကချင်ပြည်နယ်တွင် ရွှေနှင့်ကျောက် တူးဖော်ရေးလုပ်နေသည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးလည်း အတူလိုက်ပါသွားခဲ့သည်။
“သင်္ဘောကွေ့ကျေးရွာကို ထူထောင်တဲ့ အတွက် အခုဒုက္ခရောက်နေသူတွေဟာ ကိုယ့်မြေ ကိုယ့်ရေကို အသက်နဲ့ လဲပြီး ကာကွယ်စောင့်ရှောက်ကြတဲ့ ရခိုင်မျိုးစောင့်တွေ ဖြစ်ကြတယ်။ အခု ရခိုင်မျိုးစောင့်တွေ ဒုက္ခရောက်နေတဲ့အချိန်မှာ အဝေးရောက်နေတဲ့ ရခိုင်မျိုးချစ်တွေက လာရောက် ကူညီတာ ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓတရားနဲ့လည်း ကိုက်ညီပါတယ်။ ရခိုင်မျိုးစောင့်တွေကို ရခိုင် မျိုးချစ်တွေက လာရောက်ကူညီတယ်လို့ တကာတကာမတွေရဲ့ စိတ်ထဲမှာ မှတ်ထားကြပါ”ဟု စစ်တွေမြို့ ပန်းဝါကျောင်းတိုက်ဆရာတော်က အားပေးစကား မိန့်ကြားသည်။
ရခိုင်လူမှုအဖွဲ့အစည်းများ (ရန်ကုန်) နှင့် အတူ လိုက်ပါလာသည့် ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ကြသည့် ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်နှင့် စစ်တွေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးတို့ကလည်း ကျေးရွာသားများ နေထိုင်ရေး အဆင်ပြေလာစေရေးအတွက် လွှတ်တော်ထဲတွင် တင်ပြ တောင်းဆိုသွားမည်ဟု ပြောကြားခဲ့ကြသည်။
“အခု လက်ရှိဒုက္ခရောက်နေတဲ့သူတွေဟာ အနောက်တံခါး လုံခြုံရေးအတွက် ရှေ့တန်းမှာ ထွက်တိုက်နေကြတဲ့ သူတွေဖြစ်ကြတဲ့အတွက် ကျနော်အနေနဲ့ လေးစားပါတယ်။ ဒုက္ခ ရောက်သူတွေကို ကူညီဖို့အတွက် တာဝန်ယူပြီး အားလုံးနဲ့ ညှိနှိုင်း အကူအညီ ပေးနိုင်အောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ဦးကျော်ဇောဦးက ပြောသည်။
ယခု ရွှေ့ပြောင်းလာခဲ့ရသော ကျောက်ပန္တူကျေးရွာသည် မိမိတို့ ဘိုးဘွားပိုင်မြေဖြစ်သည့်အတွက် ရခိုင်လူမျိုးတို့အနေဖြင့် ရွှေ့ပြောင်းနေထိုင်ခွင့်ရှိသည်ဟု သူကပြောဆိုသည်။
သင်္ဘောကွေ့ ကျေးရွာကို ဦးဆောင်တည်ထောင်၍ အဖမ်းခံထားရသည့် ဦးထွန်းမြင့်ဦး၏ ဖခင် ဦးစိန်အောင်က “ကျွန်တော်တို့က အနောက်တံခါးကို ကာကွယ်ဖို့အတွက် ဒီကိုလာပြီး ရွာတည် ကြတဲ့သူတွေပါ။ ကျွန်တော်တို့ ဒုက္ခရောက်တဲ့အချိန်မှာ ရခိုင်လူမျိုးတွေ လာကူညီ ကြလိမ့်မယ် လို့တော့ မျှော်လင့် ထားခဲ့ပါတယ်။ ဒါပေမယ့် ဒီလောက်ထိ ဂရုတစိုက်နဲ့ လာရောက်ကြမယ်လို့ ဘယ်တုန်းကမှ မမျှော်လင့် မိခဲ့ပါဘူး။ အခုအခါ လွှတ်တော် အမတ်တွေ သံဃာတော်တွေပါ လာရောက်ပြီး အားပေးစကားပြောကြတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ကျနော်တို့ လိုလားတဲ့ ရည်ရွယ်ရောက်အောင် နောက်မဆုတ်ပဲ ဆက်လက် ရပ်တည် သွားပါမယ်” ဟု နိရဥ္စရာသို့ ပြောသည်။
သင်္ဘောကွေ့ကျေးရွာ ဖြိုဖျက်ခံရမှုကြောင့် ရွာသားများ ဒုက္ခရောက်နေကြသော်လည်း အစိုးရက ချပေးသည့် ဒုက္ခသည်စခန်းလိုမျိုးနေရာကို လက်ခံမည်မဟုတ်ဘဲ၊ မိသားစုအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးအတွက်ပါ အဆင်ပြေအောင် ချပေးသည့် ကျေးရွာပုံစံကိုသာ ယင်းတို့အနေဖြင့် လက်ခံသွားမည်ဟု သင်္ဘောကွေ့မှ ပြောင်းရွှေ့လာသည့် ကျေးရွာသားများက ပြောသည်။







