လေဆင်နှာမောင်းတိုက်၍ ပျက်စီးသွားခဲ့သည့် စာသင်ကျောင်း ပြန်မပြင်ရာမှ ကျောင်းသားများ စာမသင်ရ

လေဆင်နှာမောင်းတိုက်၍ ပျက်စီးသွားခဲ့သည့် စာသင်ကျောင်း ပြန်မပြင်ရာမှ ကျောင်းသားများ စာမသင်ရ
by -
စံမောင်သန်း

လေဆင်နှာမောင်းတိုက်ခတ်၍ တန်းမျှချောင်းရွာရှိ မူလွန် စာသင်ကျောင်ခေါင်းမိုး ပြိုပျက် သွားသည်မှာ ရက်သတ္တပတ် ၂ ပတ်ကျော်ရှိသွားပြီ ဖြစ်သော်လည်း ပြန်လည် ပြုပြင်ခြင်း မရှိသဖြင့် ၎င်းကျောင်းဆောင်တွင် ကျောင်းသားများ စာမသင်ကြားရဘဲ ဖြစ်နေကြောင်း သတင်းရရှိသည်။

“ပျက်စီးသွားတဲ့ စာသင်ကျောင်းကို မပြုပြင်နိုင်သေးတဲ့အတွက် ကျောင်းသားတွေကို ၄-၅ နေရာလောက်ခွဲပြီး စာသင်ပြနေရပါတဲ့အတွက် စာသင်ပြမှု အဆင်မပြေ ဖြစ်နေပါတယ်”ဟု တန်းမျှချောင်းကျေးရွာမှ ကျောင်းကော်မတီအဖွဲ့ဝင် ဦးဗိုလ်သန်းစိန်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

သြဂုတ်လ ၁ ရက်နေ့ နံနက်က တိုက်ခတ်ခဲ့သော လေဆင်းနှာမောင်းကြောင့် ပေါက်တောမြို့နယ် အင်္ဂရားချိုင်ကျွန်း တန်းမျှချောင်း ကျေးရွာ စာသင်ကျောင်း ခေါင်းမိုးမှာ လွင့်ပါ ပျက်စီးသွားခဲ့သည်။

တန်းမျှချောင်းကျေးရွာတွင် လေဆင်နှာမောင်း တိုက်ခတ်သည့်နေ့မှာပင် ပေါက်တောမြို့နယ် ဒုအုပ်ချုပ်ရေးမှူး ကိုယ်တိုင်ရောက်ရှိလာပြီး မဟာရံ ဘုန်းတော်ကြီးကျောင်းတွင် ယာယီစာသင်ပြရန် စီစဉ်ခဲ့သည်ဟု သိရသည်။

“မဟာရံ ဘုန်းတော်ကြီးကျောင်းမှာက ဆရာ ဆရာမနဲ့ ကျောင်းသူ ကျောင်းသားတွေအတွက် အိမ်သာမရှိတဲ့အတွက် ဆောက်လက်စ ကျောင်းဟောင်းကျောင်းကို ပြောင်းရွှေ့ပြီး စာသင်ပြ နေရပါတယ်။ အဲ့ကျောင်းမှာလည်း အမိုးအကာတွေ မရှိသေးတဲ့အပြင် အခင်းလည်း ရေစိုနေတဲ့ အတွက် စာသင်ပြဖို့ အဆင်မပြေတော့ ပြန်ပါဘူး”ဟု ဦးဗိုလ်သန်းစိန်က ပြောသည်။

ယင်းသို့ စာသင်ပြရန် အဆင်မပြေဖြစ်နေမှုကို ဆက်လက်တင်ပြသည့်အတွက် လူကယ်ပြန်ဌာနမှ ထုတ်ပေးထားသည့် တာပေါ်လင်အချာ ၃ ခုကို ယာယီအသုံးပြုနိုင်ရန် သြဂုတ်လ ၁၄ ရက်နေ့က ထုတ်ပေးထားကြောင်း၊ သို့သော် ခေါင်းမိုးအတွက် သစ်မရှိ၍ လက်ရှိအချိန်ထိ အသုံးမပြုနိုင်ဘဲ ဖြစ်နေသည်ဟု သိရသည်။

ယင်းကြောင့် ကျောင်းကို ပြန်လည် ပြုပြင်နိုင်ရန်အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ခေါင်းမိုး သွပ်ပြားများကို အလျင်အမြန် စီစဉ် ပေးစေလိုသည်ဟု ကျေးရွာသားများက ပြောသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...