ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ပြန်လည်ဖွဲ့စည်း

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ပြန်လည်ဖွဲ့စည်း
by -
စံမောင်သန်း

သြဂုတ် ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ စစ်တွေမြို့တွင် (၄) ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည့် ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ ပထမအကြိမ်ညီလာခံမှ သမဂ္ဂအား ဦးဆောင်မည့် ကော်မတီများကို အများသဘောတူ ရွေးချယ်တင်မြောက်ခဲ့ကြသည်ဟု သတင်း ရရှိသည်။
 

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ၏ နာယကများမှာ ဒေါ်ညိုအေး၊ ဦးစံအောင်ကျော်၊ ဦးဘရင်၊ ဦးခိုင်စိုးနှင့် ဦးထွန်းအောင်ကျော်တို့ ဖြစ်ကြသည်။

ဗဟို ဦးဆောင်ကော်မတီဝင်များမှာ ဥက္ကဋ္ဌ ဦးကျော်ဇံ၊ ဒုဥက္ကဋ္ဌ ဦးမင်းဦး၊ အတွင်းရေးမှူး ဦးထွန်းတင်၊ တွဲဘက်အတွင်းရေးမှူး ဦးစောသိန်းမောင်၊ ဘဏ္ဍာရေးမှူး ဦးသန်းရွှေ၊ စာရင်းစစ် ဦးမောင်သန်းမြင့်၊ သတင်းနှင့် ပြန်ကြားရေး ဦးမျိုးမြင့်အောင်တို့ ဖြစ်ကြသည်။ 

ဗဟိုဦးဆောင်ကော်မတီတွင် နောက်ထပ် ကော်မတီဝင် အဖွဲ့ဝင် ၈ ဦးကိုလည်း ရွေးချယ်ခဲ့ပြီး၊ ထိုအထဲတွင် အမျိုးသမီးနှစ်ဦးပါဝင်ကာ အမ်းမြို့နယ်မှ တစ်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ တစ်ဦးဖြစ်ကြောင်း သိရသည်။ 

ညီလာခံတွင် ဥပဒေအထောက်အကူပြုကော်မတီ၊ စီးပွားရေး အကြံပေးအဖွဲ့နှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနအဖွဲ့တို့ကို ဖွဲ့စည်းရန် ရည်ရွယ်ခဲ့သော်လည်း ပညာရှင်များ စုံစုံညီညီ မတက်ရောက်ခဲ့သည့်အတွက် နောက်ပိုင်းတွင် ဖွဲ့စည်းသွားမည်ဟုဆိုသည်။

“လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ သမဂ္ဂရဲ့ ရှေ့လျှောက်ရမယ့် လုပ်ငန်းစဉ် ၁၃ ချက် ကြိုတင် ရေးဆွဲ ထားတာရှိပါတယ်။ အဲ့ဒီ ၁၃ ချက်ကို ညီလာခံမှာ အတည်ပြုခဲ့ကြပါတယ်။ ဒီညီလာခံ ထဲမှာတော့ သမဂ္ဂရပ်တည်ရေး၊ ရုံးရပ်တည်ရေးအပါအဝင် တောင်သူလယ်သမားဂျာနယ် လစဉ်ထုတ်ဝေရေးတို့ကို ချမှတ်နိုင်ခဲ့ပါတယ်”ဟု သမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံက ပြောသည်။

မြေသိမ်း ယာသိမ်းကိစ္စရပ်များသည့် နက်ရှိုင်းသည့် ကိစ္စရပ်များဖြစ်သည့်အတွက် အစိုးရနှင့် ဆက်စပ်ပူးပေါင်းရမည့် ကိစ္စရပ်ဖြစ်သည့်အတွက် ရေရှည်စီမံကိန်းတွင် ထည့်သွင်းထားကြောင်း၊ လက်ရှိတွင် သမဂ္ဂခိုင်မာရေးအခန်းကဏ္ဍကို ဦးစားပေးဆောင်ရွက်သွားမည်ဟု ဆိုသည်။

ယင်းပြင် ယခုညီလာခံမှ ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ ဗဟို နှင့် မြို့နယ် အလိုက် တရားဝင် မှတ်ပုံတင်ရေးကိစ္စများကိုလည်း လုပ်ငန်းစဉ်တစ်ခုအဖြစ် ထည့်သွင်း ရေးဆွဲထားသည်ဟု သိရသည်။

“ဒီနေ့ချိန်မှာတော့ တောင်သူလယ်သမား အခန်းကဏ္ဍက အောက်ဆုံးအခြေအနေကို ရောက်နေတဲ့ အတွက်ကြောင့် လယ်သမားဘဝ ပြန်လည်နလန်ထူနိုင်ဖို့အတွက် တောင်သူ လယ်သမားတွေ အနေနဲ့ စနစ်တကျ စုစည်းဖို့ လိုအပ်လာတယ်။ အဲ့ဒီအပေါ်မှာလည်း သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေ၊ ပါတီတွေ၊ အမျိုးသားခေါင်းဆောင်တွေ၊ အစိုးရဌာနတွေက ပူးပေါင်းပြီး သမဂ္ဂကို ၀ိုင်းရံပေးဖို့ လိုအပ်တယ်လို့ သုံးသပ်မိပါတယ်”ဟု ဦးကျော်ဇံက ပြောသည်။

ရခိုင်ပြည်လုံးဆိုင်ရာ တောင်သူလယ်သမား သမဂ္ဂကို ၂၀၁၆ ခု စက်တင်ဘာလတွင် မြေပုံမြို့၌ ကျင်းပခဲ့သော တောင်သူလယ်သမား အကြိုညီလာခံမှ ဆုံးဖြတ်ချက်အရ အတွင်းရေးမှူးစနစ်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး သမဂ္ဂ၏ ၂ နှစ်သက်တမ်းတွင် ပထမဆုံးအကြိမ် ညီလာခံကို ကျင်းပခဲ့ခြင်းဖြစ်သည်။

 

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...