စစ်တွေဗုံးကွဲမှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသူ ၂ ဦးကို နောက်ရုံးချိန်းတွင် စွဲချက်တင်/မတင် ဆုံးဖြတ်မည်

စစ်တွေဗုံးကွဲမှုဖြင့် စွပ်စွဲဖမ်းဆီးခံထားရသူ ၂ ဦးကို နောက်ရုံးချိန်းတွင် စွဲချက်တင်/မတင် ဆုံးဖြတ်မည်
by -
စံမောင်သန်း

စစ်တွေမြို့တွင် ဗုံး ၃ လုံးပေါက်ကွဲမှုနှင့် ဆက်စပ်၍ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ ခုဖြင့် စစ်တွေခရိုင် တရားရုံးတွင် တရားစွဲဆိုခံထားရသူ ဦးအေးဝင်းနှင့် ဦးမောင်ဦးမြင့်တို့ကို နောက်တစ်ပတ် ရုံးချိန်း သြဂုတ်လ ၂၃ ရက်နေ့တွင် စွဲချက်တင်သင့် မတင်သင့် အမိန့် ချမှတ်မည်ဟု ယနေ့ (၂၁) ကြိမ်မြောက် ရုံးချိန်းတွင် ဖမ်းဆီးခံထားရသည့် ဦးအေးဝင်းက ပြောသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စစ်တွေမြို့တွင် ဗုံးသုံးလုံးပေါက်ကွဲမှုနှင့် ဆက်စပ်သံသယဖြင့် လူ ၉ ဦးကိုဖမ်းဆီးခဲ့ပြီး ၅ ဦးကို အာမခံဖြင့် လွတ်ပေးလိုက်ပြီး ၂ ဦးကို နယ်စပ်ဖြတ်ကျော်မှုဖြင့် ထောင်ချကာ ကျန် ၂ ဦးဖြစ်ကြသည့် ဦးအေးဝင်းနှင့် ဦးမောင်ဦးမြင့်တို့ကို အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ ခုဖြင့် စစ်တွေခရိုင် တရားရုံးတွင် တရားစွဲဆိုထားခြင်း ဖြစ်သည်။

ဦးအေးဝင်းနှင့် ဦးမောင်ဦးမြင့်တို့ကို အကြမ်းဖက်တိုက်ဖျက်ရေးပုဒ်မများဖြစ်သည့် အမှုအမှတ် ၂၉/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀ (က) /(စျ)၊ အမှုအမှတ် ၃၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀ (စျ) နှင့် အမှုအမှတ် ၃၁/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၅၀ (စျ) များဖြင့် တရားစွဲဆိုခဲ့ထားခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂၀ ကြိမ်မြောက် ရုံးချိန်းတွင် နှစ်ဘက်ရှေ့နေများက စွဲချက်တင်သင့် မတင်သင့်နှင့် ပတ်သက်၍ လျှောက်လဲချက်များပေးခဲ့ကြပြီး ယခုအပတ် ရုံးချိန်းတွင် စွဲချက်တင်သင့် မတင်သင့်နှင့် ပတ်သက်၍ အမိန့်ချမှတ်မည်ဖြစ်သော်လည်း လုပ်ငန်းများ မပြီးဆုံးသေးသည့် အတွက် နောက်တစ်ပတ် ရုံးချိန်းတွင်သာ အမိန့်ချမှတ်မည်ဟု ဆိုသည်။

“ကျွန်တော်တို့ မတော်မတရားနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတာကို အမြန်ဆုံးလွှတ်ပေးစေချင်တယ်။ ဒါရိုးရိုးသားသားနဲ့ ရိုးရှင်းစွာတောင်းဆိုလိုတယ်။ အခု ကျွန်တော်တို့ ကြားနေတာက ဖိအားဖိအား ဆိုပြီးတော့ ကြားနေတယ်။ အဲ့ဒီဖိအားဆိုတာ ဘာလဲဆိုတာကို သိချင်တယ်။ တကယ်တမ်းဆိုရင် တရားရေး မဏ္ဍိုင်ဟာ တရားရေးပိုင်းကပဲ ရှိနေရမယ်။ အုပ်ချုပ်ရေးပိုင်းက ဖိအားတွေ ဘာတွေ ဆိုတာ မလိုဘူး”ဟု ဦးအေးဝင်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

အမှုလျှောက်လဲရာတွင် တရားခံဘက်က ရှေ့နေက စွဲချက်မတင်သင့်ကြောင်း တရားရုံးတွင် လျှောက်လဲထားသည်ဟုဆိုသည်။

“အမှုစစ်ဆေးလာတဲ့ တစ်လျှောက်လုံးမှာ ရဲတရားလို ဘယ်သူကမှ မမြင်လိုက်ဘူး၊ မသိဘူး၊ စခန်းက ကျနော်တို့ကို ခေါ်တယ်။ ခေါ်လို့ပြီးရင် ကျနော်တို့ဟာ ဒါ ရှာဖွေပုံစံမှာ လက်မှတ်ထိုးဆိုပြီး ထိုးခိုင်းတယ်။ အဲ့ဒီဟာလောက်ပဲ သူတို့က ဖြေခဲ့တယ်”ဟု ဦးမောင်ဦးမြင့်က ပြောသည်။

စွပ်စွဲခံထားရသူများဘက်မှ တရားခွင်တွင် ထွက်ဆိုရာတွင်လည်း မတရားဖမ်းဆီး၊ မတရား ညှင်းပမ်းနှိပ်စက်သည်ဟု ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့က မတရား နှိပ်စက်တယ်လို့ ထွက်ဆိုတာကို အမှုစစ်ရဲမှူးက ဘာပြောလဲဆိုလို့ရှိရင် ငါတို့ မတရားလည်း မနှိပ်စက်ခဲ့ဘူး။ ဘာမှလည်း မလုပ်ခဲ့ဘူး ပြောတယ်။ ကျွန်တော်ကိုယ်တိုင် ညှင်းပမ်း နှိပ်စက်ခံရလို့ ဆေးရုံကို ၃ ကြိမ်တိုင်တိုင် ရောက်ခဲ့ပါတယ်။ နှိပ်စက်ခဲ့တာ၊ ထမင်း မစားရဘူး၊ ရေမသောက်ရဘူး။ ကျွန်တော်တို့ကို ညဉ့်မအိပ် နေ့အိပ်ပဲ စစ်ခဲ့ကြတယ်။ ကျွန်တော်တို့ က ဘာမှ အပြစ်မလုပ်ဘဲနဲ့။ မသင်္ကာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဒီလောက် နှိပ်စက်မယ် ဆိုရင် ဒါဟာ လုံးဝ မလုပ်သင့်ဘူး။ မှန်မှန်ကန်ကန် လုပ်ပါလို့ပဲ ကျွန်တော်တို့ ပြောချင်တယ်”ဟု ဦးမောင်ဦးမြင့်က ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သော ဗုံး ၃ လုံးပေါက်ကွဲမှုတွင် ဆက်စပ်သည်ဟု စစ်တွေမြို့ပေါ်မှ သံသယဖြင့် စစ်တွေမြို့မရဲစခန်းတွင် ခေါ်ယူစစ်ဆေးခံခဲ့ရသူ ၉ ဦးရှိပြီး၊ ထိုအထဲမှ ဦးနိုင်စိုး၊ ဦးမောင်မြင့်ရွှေ၊ ဦးရွှေထွန်းအောင်နှင့် ဦးတင်မြင့်ရွှေတို့ကို မတ်လ ၂၆ ရက်နေ့ ညတွင်လည်းကောင်း၊ မောင်သိန်းဦးကို ၂၇ ရက်နေ့ နံနက်တွင်လည်းကောင်း စစ်တွေမြို့မရဲစခန်းမှ အာမခံဖြင့် လွှတ်ပေးခဲ့သည်ဟု သိရသည်။

နောက်ထပ်ကျန်ရစ်သူ ၄ ဦးထဲမှ မောင်သန်းရွှေနှင့် မောင်မြင့်ကြည်တို့ကို စစ်တွေမြို့နယ် တရားရုံးက သြဂုတ်လ ၈ ရက်နေ့တွင် တရားမဝင် နယ်စပ် ဖြတ်ကျာ်မှု ၁၃ (၁) ဖြင့် ထောင်ဒဏ် ၆ လစီ ချမှတ်လိုက်ပြီး နောက်ထပ်ကျန်ရစ်သူ ဦးအေးဝင်းနှင့် ဦးမောင်ဦးမြင့်တို့ နှစ်ဦးသည် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၃ ခုဖြင့် ဆက်လက် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။

စစ်တွေမြို့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက်က ပြည်နယ်တရားလွှတ်တော်ရုံးအနီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ခြံဝင်း နှင့် ပြည်နယ်ဆည်မြောင်းရုံးအနီးတွင် ဆက်တိုက် ဗုံး ၃ လုံးပေါက်ကွဲခဲ့ပြီး လူနှစ်ဦးဒဏ်ရာ ရရှိကာ နောက်ထပ် မပေါက်ကွဲသေးသော ဗုံး ၃ လုံးကိုလည်း ပြည်နယ် ဆည်မြောင်းရုံးအနီးတွင် တွေ့ရှိခဲ့သည်ဟု သိရှိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...