အာဏာရအစိုးရများ၏ နှစ်ပေါင်း (၆၀)ကျော် လစ်လျူရှုထားခဲ့သဖြင့် ရခိုင်ပြည်နယ် အဆင်းရဲဆုံး ဘဝသို့ ကျရောက်ခဲ့ရဟု ရခိုင်အမတ်တစ်ဦးမှ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ

အာဏာရအစိုးရများ၏ နှစ်ပေါင်း (၆၀)ကျော် လစ်လျူရှုထားခဲ့သဖြင့် ရခိုင်ပြည်နယ် အဆင်းရဲဆုံး ဘဝသို့ ကျရောက်ခဲ့ရဟု ရခိုင်အမတ်တစ်ဦးမှ ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော် ဆွေးနွေးနေစဉ် (ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်)
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော် ဆွေးနွေးနေစဉ် (ဓာတ်ပုံ- ပြည်ထောင်စုလွှတ်တော်)

ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်မှ ရခိုင်ပြည်နယ် အဆင်းရဲဆုံးဘဝသို့ ကျရောက်ခဲ့ရခြင်းမှာ ခေတ်အဆက်ဆက် အာဏာရ အစိုးရများ၏ နှစ်ပေါင်း (၆၀) လစ်လျူရှုထားခဲ့သဖြင့် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်တွင် တင်ပြခဲ့သည်။

သြဂုတ် ၁၃ ရက်နေ့က ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ ကျင်းပသည့် အစည်းအဝေးတွင် အာရှဖွံ့ဖြိုးရေး ဘဏ် ( ADB) ထံမှ ချေးငွေရယူပြီး တိုင်းဒေသကြီး သုံးခုဖြစ်သည့် မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ရာသီဥတုနှင့် လိုက်လျောညီထွေရှိသည့် စိုက်ပျိုးစီးပွားရေး လုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် စီမံကိန်း အကောင်အထည်ဖော်ရန် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီစဉ်နေမှုနှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြရာတွင် ထိုသို့ ရခိုင်ပြည်နယ် အကြောင်းကို တင်ပြသွားခြင်း ဖြစ်သည်။

“ ခေတ်အဆက်ဆက် အာဏာရအစိုးရတွေက နှစ်ပေါင်း (၆၀)ကျော် လစ်လျူရှုထားခဲ့တော့ အဆင်းရဲဆုံးပြည်နယ်ဘဝသို့ ရောက်ခဲ့ရပါတယ်။ နေရပ်စွန့်ခွာသွားနေကြရပါတယ်။ အဲဒီတော့ စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် နိုင်ငံတကာ အဖွဲ့အစည်းတွေ (သို့မဟုတ်) ဘဏ်များမှ ချေးငွေတွေနဲ့ လိုအပ်တဲ့ အခြေခံ အဆောက်အအုံတွေကို တည်ဆောက်ပေးဖို့ ဘယ်တော့ (ရခိုင်အတွက်) အလှည့်ကျလာမလဲ။ ဒါမှမဟုတ် ဒီအတိုင်းပဲ လစ်လျူရှု ထားတော့မှာလားလို့ မေးရမလို ဖြစ်နေပါတယ်။ နှစ်စဉ် ချပေးနေတဲ့ ပြည်ထောင်စု ဘဏ္ဍာ ခွဲတမ်းနဲ့တော့ ဒီအခြေခံ အဆောက်အအုံတွေကို မတည်ဆောက်နိုင်ပါဘူး။ အဲဒီစိုက်ပျိုးရေး ကဏ္ဍ ဘဏ္ဍာငွေခွဲဝေပေးမှုက စိုက်ပျိုးရေး ကဏ္ဍ စီမံခန့်ခွဲရေး စရိတ်လောက်နဲ့ ပဲ ပြီးသွားမှာပါ” ဟု ဦးကျော်ကျော်က သူ၏ ဆွေးနွေးချက်တွင် ထည့်သွင်း တင်ပြသွားခဲ့သည်။

ထိုဆွေးနွေးချက်နှင့် ပတ်သက်ပြီး နိရဥ္စရာသတင်းဌာနက ဆက်သွယ် မေးမြန်းရာ ဦးကျော်ကျော်က ယခုလို စတင်ပြောကြားသည်။

“ ရခိုင်ပြည်နယ်နှင့် ပတ်သက်လို့ ချေးငွေဟူသမျှ ဘယ်ချေးငွေကို မဆို၊ အထူးသဖြင့် စိုက်ပျိုးရေး ချေးငွေ၊ လွှတ်တော် သက်တမ်းက ခုနှစ်ခွဲရှိပြီ။ လွှတ်တော် တစ်နှစ်မှာ သုံကြိမ်လောက်စီ လုပ်တယ်။ သုံးကြိမ်လောက် လုပ်တဲ့နေရာမှာ အကြိမ်တိုင်း အကြိမ်တိုင်းမှာ ချေးငွေပါတယ်။ လွှတ်တော်က ထောက်ခံဆွေးနွေးပြီး အားလုံး သဘောတူပေးရတယ်။ ရခိုင်က တစ်ခါလည်း မပါ။ ဒါကို အဓိက ပြောတာပါ။ ဘာအတွက် မပါရတာလဲ။ သက်သက်ခွဲခြားထားလား၊ လစ်လျူရှု ထားလား၊ စိုက်ပျိုးရေး အခြေခံ အဆောက်အအုံတွေ အများကြီး လုပ်ဖို့လိုတယ်။ ရခိုင်မှာ အများကြီး လုပ်ဖို့ လိုနေတယ်။ တစ်ခေါက်စီလာရင် တိုင်းဒေသကြီး၊ တစ်ခေါက်စီလာရင် တိုင်းဒေသကြီး၊ ပြည်နယ်တွေ အတွက် လုံးဝမပါ။ အထူးသဖြင့် ရခိုင်ပြည်နယ် အတွက် လုံးဝ မပါဘူး။ ဒါကို အဓိက ထားပြီး ဆွေးနွေးတာ ဖြစ်ပါတယ်” ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်က နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။

ပြည်နယ်တွေ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ကို ခုလို ဖယ်ထုတ်ထားရတဲ့ အပေါ် ဘာကြောင့်လို့ သုံးသပ်ပါသလဲဟု ဆက်လက် မေးမြန်းရာသူက ယခုလို ပြောကြားသည်။

“ ချေးတဲ့ကိုယ်တိုင်က သူတို့ ပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်တာကို။ ရခိုင်ပြည်တို့၊ တစ်ခြားပြည်နယ်တို့အတွက် ၎င်းတို့လို နိုင်ငံခြားမှ ချေးစရာမလို၊ ကိုယ်ပြည်တွင်းက ဘတ်ဂျက် လေးနဲ့ မဟုတ်တစ်ဟုတ်လုပ်မယ်၊ မဟုတ်တစ်ဟုတ် လုပ်တဲ့ နေရာမှာလည်း သူတို့ အုပ်ချုပ်မှု စရိတ်၊ စီမံခန့်ခွဲရေး စရိတ်နဲ့ဘဲ ပြည်ထောင်စု ဘတ်ဂျက်က ကုန်ကျလားတာမျိုး၊ ဒါဆို စိုက်ပျိုးရေး တိုးတက်ဖို့ Infrastructure တိုးတက်ဖို့ဆိုရင် ဒီလောက် အစိုးရ ဘဏ္ဍာ ငွေနည်းနည်း လေးနဲ့ လုပ်လို့မရ။ သက်သက်ချေးပြီး လုပ်ရမယ်။ ဘာအတွက်ဆို သူတို့မှာ ဘဏ္ဍာငွေ မရှိ။ ဗမာပြည်အတွက်ဆိုရင် ဘဏ္ဍာငွေ ချေးပြီး လုပ်တယ်။ အဓိကတော့ ရခိုင်တို့ကို သက်သက် ဖယ်ထားတဲ့ သဘောပါ။ တစ်ဆင့်နိမ့်ပေါ့လေ” ဟု သူက ပြောကြားသည်။

ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌမှ မဆိုင်တဲ့ နေရာမှာ တင်ပြဆွေးနွေးတဲ့ အတွက် သတိပေးမှု ပြုလုပ်တဲ့ အပေါ်မှာ ဘယ်လို သဘောရပါသလဲဟု ဆက်လက်မေးမြန်းရာ သူက ယခုလို ဆက်လက် ပြောကြားသည်။

“ ဒီဟာကို တင်ပြမယ်ဆိုရင် အဆို (သို့မဟုတ်) မေးခွန်း သက်သက် မေးလို့ ရတယ်ပေါ့။ ဒီနေရာမှာ ချေးငွေနဲ့ပတ်သက်ပြီး အဓိပ္ပါယ်က သဘောတူ ၊ မတူ ဒီလောက်ဘဲ ဆိုင်တဲ့ဟာကို ဆွေးနွေးရမယ်၊ မဆိုင်တဲ့ အကြောင်းအရာတွေကို လျှောက်ပြီးတော့ မပြောရဆိုတဲ့ အဓိပ္ပါယ်။ ဒီချေးငွေနဲ့ ပတ်သက်ပြီး ဖြစ်ကြောင်း ကုန်စင်ကို ရှင်းမပြရင် ဒီနေရာမှာ မရှင်းပြရရင် ဘယ်နေရာမှာ ရှင်းပြရမှာလဲ။ သက်သက် အဆိုတင်ရင် ၎င်းအဆိုဟာ လွှတ်တော်ထဲ ဥက္ကဋ္ဌ လက်မှာဘဲ နိဂုံးချုပ်သွားမယ်။ မေးခွန်းမေးရင်လည်း လုပ်နေတာတွေကို မဟုတ် တစ်ဟုတ် ဖြေသွားပါလိမ့်မယ်” ဟု ဦးကျော်ကျော်က ပြောဆိုသည်။

ပြည်ထောင်စု လွှတ်တော်တွင်လည်း ဦးကျော်ကျော်က ယခုလို တင်ပြခဲ့သည်။

“ ချေးငွေတွေနဲ့ ပတ်သက်လို့ ထူးခြားမူရှိတာတစ်ခုက ချေးငွေတိုင်းဟာ တိုင်းဒေသကြီး(၆) ခုဖြစ်တဲ့ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး အတွက်ပဲ ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်နယ်တွေ အတွက် သိပ်ကိုနည်းပါတယ်။ မရှိသလောက်ပါဘဲ။ ဒါဟာ ဘာကြောင့်လဲ။ ဘာသဘောလဲဆိုတာ ရှင်းလင်းဖို့ လိုလာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ် ဆိုရင်လည်း စိုက်ပျိုးရေး ကဏ္ဍအတွက် နိုင်ငံတကာ အဖွဲ့အစည်း ဒါမှမဟုတ် ဘဏ်များမှ ချေးငွေတွေ တစ်ခါမှ ရဖူးတယ်လို့ မရှိသေးပါဘူး။ ဒါတွေကို ပြည်ထောင်စု လွှတ်တော် မှတ်တမ်းမှာ ကြည့်ရင်သိနိုင်ပါတယ်။”

၎င်းပြင် ဦးကျော်ကျော်“ ကျွန်တော်တို့ ရခိုင်ပြည်နယ်ဟာလည်း စိုက်ပျိုးရေးကို အခြေခံတဲ့ ပြည်နယ် တစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ မိုးစပါး စိုက်ပျိုးတာ တစ်ခုဘဲ ရှိပါတယ်။ သီးထပ် သီးညှပ်စိုက်ပျိုးတယ်ဆိုတာ ခုထိ မရှိသေးပါဘူး။ ရခိုင်ကမ်းမြောင် ဒေသ တစ်လျှောက်လုံးဟာ ပင်လယ်နဲ့ ထိစပ်နေတဲ့ အတွက် ရေငံတာတမံကြီးတွေ လိုအပ်ပါတယ်။ ဆည်မြောင်း၊ တူးမြောင်း၊ ရေလှောင်တမံ စသည်တို့ လိုအပ်ပါတယ်။ ဒါမှ သီးထပ် သီးညှပ်စိုက်ပျိုးလို့ ရပါမယ်။ နွေစပါး စိုက်ပျိုးလို့ ရပါမယ်။ ဒီလို လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ အစိုးရမှာ တာဝန်အပြည့် ရှိပါတယ်” ဟု ပြည်ထောင်စု လွှတ်တော်တွင် တင်ပြသည်။

အာရှဖွံ့ဖြိုးရေးဘဏ်မှ ချေးယူမည့် ငွေပမာဏမှာ အမေရိကန် ဒေါ်လာ ၄၀ ဒသမ ၅သန်း (မြန်မာကျပ်ငွေ ၅၉ ဘီလီယံ) ရှိကြောင်း သိရသည်။

January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...
January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...