နဝတ စစ်အစိုးရ လက်ထက် ၁၉၉၀ ခုနှစ်က စစ်တွေထောင်တွင် ကွယ်လွန်ခဲ့ရသည့် ရခိုင်-မြန်မာ ပဏ္ဍိတ် ဦးဦးသာထွန်း ဖောင်ဒေးရှင်းတစ်ခုကို များမကြာမီ ထူထောင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၈ ခုနှစ် သြဂုတ်လ ၁၄ ရက်နေ့တွင် ကျရောက်သည့် ဦးဦးသာထွန်း ကွယ်လွန်ခြင်း (၂၈) နှစ် အောက်မေ့ဖွယ် အထိမ်းအမှတ် အခမ်းအနားတွင် ထိုသို့ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ဦးဦးသာထွန်း ကွယ်လွန်ခြင်း (၂၈) နှစ် အထိမ်းအမှတ်ကို စစ်တွေမြို့၌ သာကီမဏ္ဍိုင် ရခိုင် ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည်။
“ဆရာကြီးကွယ်လွန်သွားတာ ၂၈ နှစ်ကြာခဲ့ပြီ။ ဆရာကြီး သက်ရှိ ထင်ရှားရှိစဉ်က တစ်နှစ်မှာ ရခိုင်သမိုင်းနဲ့ ပတ်သက်တဲ့ စာတမ်းတစ်စောင်စီ ထုတ်ဝေနိုင်ဖို့ မျှော်မှန်းခဲ့တယ်။ ဒီမျှော်မှန်းချက်အတိုင်း ထုတ်ဝေနိုင်ခဲ့ကြပြီလား။ နောက်ပိုင်း ထွက်ရှိလာတဲ့ ရခိုင် သမိုင်းနဲ့ ပတ်သက်တဲ့ စာတမ်းတွေထဲမှာ ရခိုင်တွေ ပြုစုတဲ့ စာတမ်းတွေ သိပ်မတွေ့ရတော့ဘူး။ ဒီပြင် လူမျိုးတွေက ပြုစုတဲ့ စာတမ်းတွေ ဖြစ်နေတယ်” ဟု ရခိုင်သမိုင်း သုတေသီ ဆရာကြီး ဦးအောင်လှသိန်းက အခမ်းအနားတွင် ရခိုင်ပညာရှင်များ၏ ရခိုင်သမိုင်းစာတမ်းများ ထုတ်ဝေမှု ကျဆင်းလာခြင်းနှင့် ပတ်သက်ပြီး ပြောကြားသည်။
ရခိုင်-မြန်မာ ပဏ္ဍိတ် ဦးဦးသာထွန်း ဖောင်ဒေးရှင်း ဖြစ်မြောက်ရေးအတွက် အစည်းအဝေး တစ်ရပ်ခေါ်ယူ၍ ကော်မတီတစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးအောင်လှသိန်းက ပြောသည်။
ရခိုင်လူမျိုး တစ်ဦးစီမှ တစ်နှစ်လျှင် ငွေတစ်ထောင်ကျပ် ထည့်ဝင်၍ သော်လည်းကောင်း၊ ငွေကြေး တတ်နိုင်သူများမှ ထောက်ပံ့ကူညီမှုများ ပြုလုပ်၍ သော်လည်းကောင်း ဘဏ္ဍာငွေ စုဆောင်း နိုင်လျှင် ရခိုင်သမိုင်းနှင့် ပတ်သက်သည့် စာတမ်းပြုစုသူများ ပေါ်ထွက်လာမည်ဖြစ်ပြီး ရခိုင် သမိုင်းဆိုင်ရာ စာတမ်းများလည်း အဆက်မပြတ် ထွက်ပေါ်လာနိုင်ကြောင်း ဦးအောင်လှသိန်းက ဆိုသည်။
“ကျနော်တို့အနေနဲ့ ဆရာကြီးဦးဦးသာထွန်းရဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည် ဖော်စေချင်ရင် ဦးဦးသာထွန်း ဖောင်ဒေးရှင်းကို ဖွဲ့စည်းနိုင်အောင် ကြိုးစားရမယ်။ ဒီအခမ်းအနားကို တက်ရောက်လာတဲ့ လူတွေအားလုံးက သဘောတူတယ်ဆိုရင် ဒီဖောင်ဒေးရှင်းကို ဖွဲ့စည်းနိုင်အောင် ကော်မတီတစ်ရပ် ဖွဲ့စည်းဖို့ကိုလည်း ဒီအခမ်းအနားကပဲ ဆုံးဖြတ်စေချင်တယ်”ဟု သူက အခမ်းအနားတွင် ပြောကြားသည်။
ယင်းသို့ ရခိုင်သမိုင်းသုတေသီ ဦးအောင်လှသိန်း၏ တင်ပြချက်ကို ကန့်ကွက်သူမရှိ သဘော တူညီခဲ့ကြသဖြင့် ဆရာကြီး ဦးဦးသာထွန်း ဖောင်ဒေးရှင်း ယာယီကော်မတီ တစ်ရပ်ဖွဲ့စည်းရန်နှင့် စေတနာတူ အခြားအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်ရန်တို့ကို ဆုံးဖြတ် ခဲ့ကြသည်ဟု သိရသည်။
အဆိုပါဖောင်ဒေးရှင်း ဖြစ်မြောက်ရေးအတွက် အခမ်းအနားတက်ရောက်လာသူများက ငွေကြေး ထည့်ဝင်ခဲ့ကြရာ ၈၁၀၀၀ ကျပ် ရရှိခဲ့သည်ဟု သိရသည်။
ရခိုင်-မြန်မာ ပဏ္ဍိတ်ဦးဦးသာထွန်းကို ၁၉၁၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ဆရာကြီးမှာ ခေတ် အဆက်ဆက် ရခိုင်ဘုရင်ထံတွင် အမှုတော်ထမ်းလာသော မဟာပညာကျော် ၀ိမလ မျိုးရိုးမှ ဆင်းသက်လာသည်ဟု သိရသည်။
နှစ်ပေါင်းများစွာ တိမ်မြုပ်နေခဲ့သော ရခိုင်ယဉ်ကျေးမှုနှင့် ရခိုင်သမိုင်းကို ဖော်ထုတ်ကာ သမိုင်းဆိုင်ရာ အရေးကြီးသော အချက်အလက်များကို နိုင်ငံတကာ၊ မြန်မာနှင့် ရခိုင် လူမျိုးများအတွက် အထောက်အထား ခိုင်ခိုင်မာမာဖြင့် ချပြနိုင်ခဲ့သူဖြစ်သည်။
ဆရာကြီး ဦးဦးသာထွန်းမှာ ရခိုင်လူမျိုးတို့ သမိုင်းကိုသာမက အခြားတိုင်းရင်းသား လူမျိုးများ၏ သမိုင်းကိုပါ နှံ့စပ်အောင် သိရှိသူဖြစ်သောကြောင့် ရခိုင်-မြန်မာပဏ္ဍိတ်ဘွဲ့ကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။
၁၉၈၈ ခုနှစ် အရေးတော်ပုံနောက်ပိုင်း ဖွဲ့စည်းခဲ့သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တွင် နာယက တစ်ဦးအဖြစ် နိုင်ငံရေးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး၊ ၁၉၉၀ ရွေးကောက်ပွဲအတွက် ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပြားချောင်းကျေးရွာတွင် မဲဆွယ် ဟောပြောမှုနှင့်ပတ်သက်၍ အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ဆရာကြီးသည် အသက် (၈၃) နှစ်တွင် စစ်တွေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားစဉ် ၁၉၉၀ ခု သြဂုတ်လ ၁၄ ရက်နေ့ စစ်တွေထောင်ထဲ၌ ကွယ်လွန်သွားခဲ့သည်။







