မြန်မာ့တပ်မတော်အနေဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စုနှင့် ထာဝရငြိမ်းချမ်းရေးကို မျှော်ကိုးလျက် တိုင်းရင်းသားဒေသ များတွင် ထိုးစစ်ဆင်နေမှုအား တစ်နိုင်ငံလုံးအဆင့်ရပ်ဆိုင်းပေးရန် လေးလေးနက်နက်တိုက်တွန်းသည် ဟု ၎င်းတို့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလဆန်းကစပြီး မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့များဖြစ်သော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA၊ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO/KIA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)ကို လက်မှတ် ရေးထိုးထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)နှင့် အစိုးရတပ်မတော်တို့အကြား ပြီးခဲ့သည့် ရက်ပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါတိုက်ပွဲများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးမြို့နယ်၊ ပူဝန်ကျေးရွာမှ ကလေးငယ်(၁) ဦးသေဆုံးကာ၊ ကလေးငယ် (၂)ဦးမှာလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ထောင်နှင့်ချီသော အပြစ်မဲ့ပြည်သူများ နေရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံ ကျင်းပပြီးနောက်ပိုင်း တိုင်းရင်းသားဒေသတွင် တိုက်ပွဲများပြန်လည် ဖြစ်ပွားလာသည့်ကိစ္စနှင့် ပတ်သက်ပြီး အစိုးရအနေဖြင့် မည်သည့်အရေးယူဆောင်ရွက်မှု၊ ထုတ်ပြန်ကြေညာမှုမပြုလုပ်ခြင်း နှင့် လွှတ်တော်အတွင်း ဆွေးနွေးတင်ပြခြင်းများ မရှိခြင်းသည် အနာဂတ်ဖက်ဒရယ်ဒီမိုကရက်တစ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် များစွာအဟန့်အတားဖြစ်စေသည်ဟု ချင်းလူငယ်များက ပြောသည်။
ထို့အပြင် ယခုလက်ရှိအကောင်ထည်ဖော်ဆောင်နေသော ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်မှာလည်း ပြည်သူလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအနေဖြင့် ယုံကြည်မှု၊ စည်းလုံးညီညွတ်ရေးကိုပါက ထိခိုက် နစ်နာစေနိုင်သည်ဟု ချင်းလူငယ်များဆိုသည်။
မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုကြောင့် အပြစ်မဲ့တိုင်းရင်းသားပြည်သူများသေဆုံးမှုများအပေါ် ပြည်ထောင်စုအစိုးရအနေဖြင့် စုံစမ်းရေး ကော်မတီတစ်ရပ်ဖွဲ့စည်းကာ အရေးယူဆောင်ရွက်ပေးရန်နှင့် မြန်မာ့တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပါက ထိုးစစ် ဆင်နေမှုအား တစ်နိုင်ငံလုံးအဆင့်ရပ်ဆိုင်းပေးရန်လိုအပ်ကြောင်း ချင်းလူငယ်များ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။







