မီဇိုရမ်တွင် မြန်မာပြည်အတွက် အစာရှောင်ဆုတောင်းခြင်း ၁၀ နှစ်ပြည့် အစီအစဉ် ကျင်းပမည်

မီဇိုရမ်တွင် မြန်မာပြည်အတွက် အစာရှောင်ဆုတောင်းခြင်း ၁၀ နှစ်ပြည့် အစီအစဉ် ကျင်းပမည်
by -
ခိုနူမ်းထုန်
မီဇိုရမ်ပြည်နယ်ရောက် မြန်မာခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ စုပေါင်းပြုလုပ်သော Fasting Prayer for Myanmar ခေါ် မြန်မာပြည်အတွက် အစာရှောင် ဆုတောင်းခြင်း ၁၀ နှစ်ပြည့် အစီအစဉ်ကို အောက်တိုဘာ ၂၂ ရက်နေ့တွင် မြို့တော်အိုင်ဇောလ်၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို Lai Christian Fellowship ဘုရားရှိခိုးကျောင်းတွင် ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ၁၀ နှစ်တာ လှုပ်ရှားမှု မှတ်တမ်းစာအုပ်ကိုပါ တခါတည်း ဖြန့်ဝေသွားမှာဖြစ်တယ်လို့ မြန်မာပြည်အတွက် အစာရှောင် ဆုတောင်းခြင်း ကော်မီတီ ဥက္ကဋ္ဌ ဖြစ်သူ သင်းထောက်လူကြီး Dr. Kilkhara က ယခုလို ပြောပါတယ်။

“၁၀ နှစ်တိုင်တိုင် ပို့ဆောင်ပေးတဲ့ ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းဖို့ပါဘဲ။ အဲဒီနေ့မှာ ကျနော်တို့ ၁၀ နှစ်တာ လှုပ်ရှားခဲ့တဲ့မှတ်တမ်းကို စာအုပ်အနေနဲ့ ပြုစုထားပါတယ်၊ အဲဒီစာအုပ်ကို တခါတည်း ဖြန့်ချီသွားဖို့ရှိတယ်” လို့ ပြောပါတယ်။

မြန်မာ့နိုင်ငံရေးဟာ လက်ရှိအခြေအနေမှာ အကောင်းဆုံးမဖြစ်သည့်တိုင်အောင် ကောင်းမွန်တဲ့အခြေအနေသို့ရောက်ရှိနေနိုင်တာဟာ ယုံကြည်သူ သားသမီးများရဲ့ ဆုတောင်းသံကို ဘုရားရှင် နားညောင်းအဖြေပေးတာဖြစ်ကြောင်း နှင့် ကျနော်တို့ လိုချင်တဲ့ အခြေအနေ မရောက်မချင်း အစာရှောင် ဆုတောင်းခြင်းကို ဆက်လက်ပြုလုပ်သွားဖို့ ရှိကြောင်း ယခုလို ထပ်မံပြောဆိုပါတယ်။

“ကျနောတို့ ဆုတောင်းသံကို ဘုရားရှင်နားညောင်းတော်မူတယ် ဒါကြောင့်လည်း မြန်မာနိုင်ငံဟာ ကောင်းမွန်တဲ့လမ်းစကို ဦးတည်နေတာဖြစ်တယ်၊ အကောင်းဆုံး တော့ မဟုတ်သေးဘူး။ ကျနော်တို့ လိုချင်တဲ့ အခြေအနေမရောက်မချင်း ဒီ အစာရှောင်ဆုတောင်းခြင်းကို ဆက်လက်သွားဖို့ ဆန္ဒရှိတယ်” လို့ ဆက်ပြောပါတယ်။

ပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှု အကျိုးဆက်ကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ရောက်ရှိခိုလှုံလာကြသည့် မြန်မာပြည်သူ ခရစ် ယာန်ဂိုဏ်းပေါင်းစုံများ စုပေါင်းပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရနိုင်အောင် ယခုလို အစာရှောင်ဆုတောင်းခြင်းကို တစ်လ တစ်ကြိမ် ပြုလုပ် ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မြန်မာပြည်အတွက် အစာရှောင်ဆုတောင်းခြင်းကို ၂၀၀၇ အောက်တိုဘာ ၂၂ ရက်နေ့တွင်   Lai Christian Fellowship, Bethany Baptist Church, Shalom AG Church, El-Shaddai AG Church, Carson Baptist  Church, Gospel Baptist Church, Immanuel LIKBK, Kawl Christian Fellowship, Zanniat Christian Fellowship, Revival Baptist Church, Bethel Baptist Church စသည့် အသင်တော်( ၁၁ ) ခုဖြင့် ဖွဲ့စည်းခဲ့ကြသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...