ခမ်းပတ် ညောင်ပင်အို ကို ကာကွယ်ထိန်းသိမ်းပေးရန် မြန်မာအစိုးရကို အိန္ဒိယ တောင်းဆို

ခမ်းပတ် ညောင်ပင်အို ကို ကာကွယ်ထိန်းသိမ်းပေးရန် မြန်မာအစိုးရကို အိန္ဒိယ တောင်းဆို
by -
ခိုနူမ်းထုန်
ချင်း (ဇိုမျိူးနွယ်စု)များအတွက် အရေးကြီးသော သမိုင်းမှတ်တိုင်တစ်ခုဖြစ်သည့် တမူးမြို့နယ် ခမ်းပတ်ကျေးရွာတွင် တည်ရှိသော ညောင်ပင်အို (Bungpui) ကို စောင့်ရှောက်ကာကွယ်ထိန်းသိမ်းပေးရန် မြန်မာအစိုးရကို အိန္ဒိယအစိုးရမှ စာရေးပြီး တောင်းဆိုခဲ့ကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် ဇူလိုင်လက မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် Pu Lalthanhawla မှ အိန္ဒိယ နိုင်ငံခြားရေးရာ ဝန်ကြီး Sushma Swaraj နှင့် တွေ့ဆုံးခဲ့စဉ်က အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်ရေး၊ ကုန်သွယ်ရေးလမ်းကြောင်း ကောင်းမွန်ရေးနှင့် ခမ်းပတ် ညောင်ပင်အို (Bungpui) ကို ကာကွယ်ထိန်းသိမ်းရန်လိုအပ်ကြောင်း တင်ပြခဲ့ပြီးနောက် အိန္ဒိယဗဟိုအစိုးရက ယခုကဲ့သို့ မြန်မာအစိုးရ ကိုတောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ခမ်းပတ် ညောင်ပင်အို (Bungpui) ပြုပြင်ထိန်းသိမ်းပေးသွားဖို့ မြန်မာအစိုးရက လုပ်ဆောင်ပေးဖို့ မြန်မာအစိုးရကို စားရေး တောင်းဆို ခဲ့ပြီးဖြစ်ပါတယ်” ဟု အိန္ဒိယ နိုင်ငံခြား ရေးရာဝန်ကြီး Sushma Swaraj က ပြောဆိုကြောင်း မီဇိုရမ်ဒေသထုတ်သတင်းစာတွင် ဖော်ပြသည်။

သမိုင်းကြောင်းအရ ချင်းဘိုးဘွားများသည် လွန်ခဲ့သော AD 1150 – 1200 ၀န်ကျင်းခန့်က ကဘော်ချိူင့်ဝှမ်း ဒေသတွင် အခြေချနေထိုင်ခဲ့ကြပြီး နောင်တစ်ချိန်ချိန်တွင် ပြန်လည်စုစည်းကြရန်အတွက် ရည်ရွယ်ကာ ခမ်းပတ်ကျေးရွာတွင် ညောင်ပင်တစ်ပင်ကို စိုက်ပျိူးခဲ့ကြသည်ဟု သိရသည်။

“ ကျနော်တို့ဘိုးဘွားတွေကို လွန်ခဲ့တဲ့ AD 1200 လောက်မှာ ကဘော်ချိူင်းဝှမ်းဒေသကနေ ရှမ်းလူမျိူးတွေက မောင်းထုတ်ခဲ့တယ် လို့ယူဆရတယ်၊ အဲဒီညောင်ပင်ကိုလည်း AD 1150 – 1200 ၀န်းကျင်းလောက်မှာ စိုက်ခဲ့ကြတယ်လို့ယူဆရပါတယ်’’ ဟု ချင်း(မီဇိုး)သမိုင်း ဆိုင်ရာ သုတေသီ B.Lalthangliana ကပြောသည်။

အဆိုပါညောင်ပင်ကြီးသည် ယခုအခါ သက်တမ်းရင့်လာသည်နှင့်အမျှ လေပြင်း တိုက်ခတ်မှုကြောင့် အကိုင်းများကျိုးပဲ့ကာ ပျက်ဆီးနိုင်သည့် အခြေအနေတွင်ရှိနေခြင်းကြောင့် မိမိတို့မျိူးနွယ်စုများ၏ ပေါင်းစည်းရေးသမိုင်းမှတ်တိုင်တစ်ခုကို မြန်မာနိုင်ငံ အစိုးရ အနေဖြင့် ကောင်းမွန်စွာ ပြုပြင် ထိန်းသိမ်းပေးရန်လိုအပ်ကြောင်း မြန်မာအစိုးရထံတင်ပြပေးရန် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံခြားရေးရာဝန်ကြီးထံ တောင်းဆိုခဲ့ ခြင်းဖြစ်သည်။

ဆက်လက်ပြီး အိန္ဒိယနိုင်ငံခြားရေးရာဝန်ကြီးက မြန်မာနိုင်ငံအတွင်း ပြည်သူလူထုများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်သည့်စီမံကိန်းမဆို လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ အမှတ်(၂) နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ချင်းပြည်နယ် ရိဒ် နှင့် တီးတိန်လမ်းမကြီးကိုလည်း ပြုပြင် ပေးရန်အစီအစဉ်ရှိကြောင်း အဆိုပါ စာတွင် ဖော်ပြထားသည်။

“မီဇိုရမ်ပြည်ကို အဓိက ကုန်သွယ်နေသည့် ကီလိုမီတာ ၈၀ အကွာအဝေးရှိ ရိဒ် နှင့် တီးတိန် လမ်းကိုလည်း ပြုပြင်သွားဖို့ အစီအစဉ်ရှိတယ်” လို့ ပြောဆိုခဲ့သည်။

ကောင်းမွန်သော နှစ်နိုင်ငံဆက်ဆံရေးအတွက် လမ်းပန်းဆက်သွယ်ရေးသည်လည်း အဓိက အရေးကြီးသည့်အချက်တစ်ခုဖြစ်ကြောင်း သို့သော် လည်း အိန္ဒိယ-မြန်မာ နယ်စပ်သည် တရားမဝင်ပစ္စည်းများ မှောင်ခိုတင်သွင်းသည့်နေရာမဖြစ်ရန် အရေးကြီးသည်ဟု အိန္ဒိယ နိုင်ငံခြားရေးရာ ဝန်ကြီးက ဆက်ဆိုသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...