အစိုးရ၊ တပ်မတော်နှင့် EAO များကြား ကွာဟချက်များ ဆန်းစစ်ရန် KNU ဥက္ကဌ ပြော

အစိုးရ၊ တပ်မတော်နှင့် EAO များကြား ကွာဟချက်များ ဆန်းစစ်ရန် KNU ဥက္ကဌ ပြော

NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များအနေဖြင့် လက်ရှိ ရင်ဆိုင်နေရသော ငြိမ်းချမ်းရေး တစ်စို့မှုများကို ပြန်ဆန်းစစ်ကြရန်နှင့် အောင်မြင်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရရှိရန် ဘုံသဘောထားနှင့် ရည်မှန်းချက်တွေ ရှာဖွေကြရန် ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး မှ ပြောဆိုလိုက်သည်။

ယမန်နေ့ (မေလ ၂၇) ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Khum Phu Kham Hotel တွင် ကျင်းပသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ၂၀ ကြိမ်မြောက် အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး မှ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ရင်ဆိုင်ရတဲ့ တစ်စို့မှုတွေဟာ ကြိုတင်စည်းကမ်းသတ်မှတ်ချက်တွေကြောင့်လား လုပ်ငန်းအရ အခက်အခဲ ရှိနေလို့လား အချက်အလက်အရ ညှိနှိုင်းရမှာ ကွာဟချက် ကြီးမားနေလို့့ပဲလားဆိုတာ ဆန်းစစ်ရမှာဖြစ်ပါတယ်”

နှစ်ရက်ကြာ ကျင်းပမည့် ယခုအစည်းအဝေးတွင် မကြာသေးခင်ရက်ပိုင်းက အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် နိုင်ငံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး အစည်းအဝေး နှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး အစည်းအဝေး မှ ရရှိလာသည့် တင်ပြချက်များကို ပြန်လည်ဆွေးနွေးညှိနှိုင်းပြီး ဆုံးဖြတ်ချက်များ ချမှတ်သွားမည်ဟု ပြောသည်။

ဆက်လက်၍ ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး မှ “ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ အောင်မြင်မှု ရသင့်သလောက် မရသေးတာဟာ အစိုးရ၊ တပ်မတော် နဲ့ EAO တွေကြားမှာ ကျနော်တို့ ယေဘုယကြည့်ရင် ကျနော်တို့ ဆက်လက် သွားတဲ့နေရာမှာ သဘောထားတွေ တူသယောင်ယောင် နဲ့ ကွဲပြားမှုရှိတဲ့ ရည်မှန်းချက် ပန်းတိုင်ကိုယ်စီရှိကြလို့ဖြစ်ပြီး ဒါတွေကို ဘုံသဘောထားနဲ့ ရည်မှန်းချက်တွေကို ရှာဖွေကြရမှာဖြစ်ပါတယ်” ဟုလည်း အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ယမန်နေ့ကစတင်ကျင်းပသည့် အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များပတ်သက်၍ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးချမှတ်နိုင်ရေး ကိစ္စ အပါအဝင် UPDJC အတွင်းရေးမှူးများ နှင့် UPDJC အစည်းအဝေး ကိစ္စတွေ အပြင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး ကိစ္စများကို ဆွေးနွေးဆုံးဖြတ်သွားရန်ရှိပြီး အောင်မြင့်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ရရှိစေဖို့လည်း ဗိုလ်ချူပ်ကြီး မူတူးစေးဖိုး မှ ယခုကဲ့သို့ ပြောဆိုခဲ့သည်။

“အောင်မြင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်း အခြေပြု နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ Negotiation တွေမှာ တဖက်နဲ့တဖက် ကြိုတင်စည်းကမ်းသတ်မှတ်မှုတွေမပါပဲ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကို ရှေ့ရှု့ပြီး ဆွေးနွေးရမှာ ဖြစ်ပါတယ်”

ဒါ့အပြင် NCA အကောင်အထည်ဖော်ရာတွင် ဘယ်လိုပင် အခက်အခဲ တွေ ကြုံရပါစေ အပြန်အလှန်လေးစား အသိအမှတ်ပြုခြင်း ညှိနှိုင်းတိုင်ပင်ခြင်း အကြေအလည်ညှိနှိုင်းခြင်း အင်အားမသုံးခြင်း အစရှိသည်တို့ ပါဝင်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်ကို အခြေခံပြီးတော့ ကျနော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ရရှိရေးကို အတူတကွ ကြိုးစားကြဖို့လည်း တိုက်တွန်းပြောဆိုခဲ့သည်။

အစည်းအဝေးကို မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့မှ ကိုယ်စားလှယ်များ အပါအဝင် ခေါင်းဆောင်ကိုယ်စားလှယ် ၄၀ နီးပါး တက်ရောက်ဆွေးနွေးလျက်ရှိပြီး အစည်းအဝေးမှ ရရှိလာသည့် အချက်များအပေါ် မူတည်၍ မေလ ၃၀ ရက်နေ့တွင် နိုင်ငံရေး နှင့် လုံခြုံရေး ကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးရေး ကော်မတီ များမှ အစိုးရနှင့် ထပ်မံတွေ့ဆုံဆွေးနွေးသွားရန် ရှိသည်။

May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...