စစ်ကိုင်းတိုင်း အင်းတော်အနီး ဂိတ်သစ်ဖွင့်၍ လမ်းကြေးကောက်ခံသဖြင့် ယာဉ်မောင်းများ အခက်ကြုံနေရ

စစ်ကိုင်းတိုင်း အင်းတော်အနီး ဂိတ်သစ်ဖွင့်၍ လမ်းကြေးကောက်ခံသဖြင့် ယာဉ်မောင်းများ အခက်ကြုံနေရ
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း တစ်နေရာ၌ တွေ့ရသည့် မော်တော်ယာဉ်များ / Crd
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း တစ်နေရာ၌ တွေ့ရသည့် မော်တော်ယာဉ်များ / Crd

မြစ်ကြီးနား-မန္တလေး လမ်းပိုင်း၊ ကွင်းလမ်းတစ်နေရာတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် KPDF ပူးပေါင်းအဖွဲ့တို့က ဂိတ်အသစ်ဖွင့်လှစ်ပြီး လမ်းကြေး ကောက်ခံနေသဖြင့် ဂိတ်ကြေး အများအပြား ပေးဆောင် နေရကြောင်း ဒေသတွင်း ယာဉ်မောင်းအချို့က ပြောသည်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မဲဇာကျေးရွာအနီးရှိ ကျောက်တန်း ကွင်းလမ်းပိုင်းမှ ဖြတ်သန်းသွားလာနေ သည့် ယာဉ်များကို စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ ဂိတ်ကြေး စတင်ကောက်ခံနေခြင်း ဖြစ်သည်။

ဒေသတွင်း ယာဉ်မောင်းတစ်ဦးက “ကားတိုင်း ပေးရတယ်။ ကိုယ်ပိုင်ကားလည်း မရဘူးဗျာ။ တောင်းတာတော့ ကုန်ပေါ်မူတည်တယ်။ တစ်ခါနဲ့ တစ်ခါ မတူဘူးပေါ့နော်။ အိမ်စီးကားကတော့ တိတိကျကျ သတ်မှတ်ထား တယ်။ ကျန်တာက အခြေအနေအရပဲ။ ကွင်းလမ်းက ခက်ခက်ခဲခဲ သွားနေရတဲ့ ကားသမားတွေ သူတို့မို့ တောင်း ရက်တာ” ဟု ပြောသည်။

ဂိတ်ကြေး ကောက်ခံရာတွင် ကုန်ကားနှင့် တွဲကားများအနေဖြင့် ကုန်ပစ္စည်း မပါပါက ငွေကျပ် ၂ သိန်း၊ ကုန်ပါ ပါက ပစ္စည်းအမျိုးအစားပေါ် မူတည်၍ အများဆုံး ငွေကျပ် ၇ သိန်းအထိ ပေးဆောင်ရပြီး ခရီးသည်တင်ကား ငွေကျပ် ၁ သိန်းနှင့် အိမ်စီးကား ငွေကျပ် ၁ သောင်းနှုန်းဖြင့် အသီးသီး ကောက်ခံနေကြသည်ဟု ဆိုသည်။

မြစ်ကြီးနား-မန္တလေး လမ်းပိုင်းမှာ ရာနှုန်းပြည့် သွားလာခွင့် မရသေးသဖြင့် ယာဉ်များမှာ ကွင်းလမ်းမှ ခက်ခက် ခဲခဲ ဖြတ်သန်းကာ ဇက်ဆိပ်မှတစ်ဆင့် ကမ်းကူးနေရချိန် ယခုကဲ့သို့ ဂိတ်အသစ် တိုးလာသဖြင့် ကုန်ကျစရိတ်များ ပိုမိုများပြားလာသည်။

မန္တလေး-မြစ်ကြီးနား လမ်းပိုင်းတစ်လျှောက်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆေးရေးဂိတ် အများအပြား ရှိနေပြီး အိမ်စီးကားများအနေဖြင့် ငွေကျပ် သိန်းဆယ်ချီ၊ ကုန်ကားများအနေဖြင့် ငွေကျပ် သိန်းရာ ချီအထိ ပေးဆောင်နေရကြောင်းလည်း ဆိုကြသည်။

အဆိုပါ လမ်းပိုင်းတွင် သွားလာခဲ့ဖူးသူ ခရီးသည်တစ်ဦးက “ကုန်ကားတွေဆို ကူးလို့မရဘူး။ ကြာပြီ။ လချီပြီ လမ်းမှာ အိပ်နေရတာ။ လမ်းပေါ်မှာ ဝယ်စား၊ ဝယ်သောက်ကြတာလည်း မနည်းဘူး။ ကုန်တယ်။ ဈေးကြီး တယ်လေ။ ဖြတ်မရတဲ့ကြားထဲ လမ်းကြေးပါ ပေးနေရတာ” ဟု ပြောသည်။

မန္တလေး-မြစ်ကြီးနား လမ်းပိုင်း နေရာအများစုကို စစ်အုပ်စုက ထိန်းချုပ်ထားသော်လည်း အချို့နေရာများတွင် နှစ်ဖက်တပ်များ နေရာယူထားသဖြင့် မြေပြင်အခြေအနေ တင်းမာနေဆဲဖြစ်သည်။

ထို့ကြောင့် ယာဉ်များမှာ ကွင်းလမ်းများမှ သွားလာနေရပြီး ကမ်းမကူးနိုင်သေးသည့် ကုန်တင်ယာဉ်များမှာ လမ်း တွင် ပိတ်မိနေသည်မှာ ၅ ပတ်ထက်မနည်း ကြာမြင့်နေပြီဖြစ်သည်။

ယာဉ်မောင်းများအနေဖြင့် လမ်းကြေး ပေးဆောင်ရသည့် အခက်အခဲများအပြင် မိုးရာသီ လမ်းပျက်စီးမှုကြောင့် အချို့လမ်းပိုင်းများ၌ ဆင်များဖြင့် ကားများကို ဆွဲယူနေရသဖြင့် သေရေးရှင်ရေး ကိစ္စမှလွဲ၍ ခရီးသွားလာခြင်း မပြုကြရန် သတိပေးထားသည်။

Most read this week

ကျောက်ဖြူခရိုင်အတွင်းက စစ်ဘေးရှောင် ပြည်သူအချို့ / ဇင်ချောင်း လူငယ်ပရဟိတအသင်း
September 16, 2026
ရခိုင်ပြည် တောင်ပိုင်း၊ ကျောက်ဖြူခရိုင်အတွင်းက စစ်ဘေးရှောင် ပြည်သူများအတွက် အခြေခံ...
ညောင်ဦးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်က စစ်အုပ်စုတပ် စစ်ကြောင်းဝင်ရောက် မီးရှို့မှု ကြောင့် နေအိမ် ၂၀၀ ခန့် မီးလောင်ပျက်စီးခဲ့စဉ်။ / ပုံဟောင်း
September 15, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကြောင်းထိုးလာသည့်...
လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးမှုများ / AA
September 15, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ကျေးရွာများနှင့်...
September 14, 2026
အရပ်သား အုပ်ချုပ်ရေးနှင့် စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်မည် မဟုတ်ဘဲ လူထုကို အကာအကွယ်...