ဘုန်းကြီးကျောင်း ရေသန့်စက်ဖွင့်ပွဲကို စစ်တပ် ဗုံးကြဲ၊ ဆရာတော် အပါအဝင် ၃ ဦး သေဆုံး

ဘုန်းကြီးကျောင်း ရေသန့်စက်ဖွင့်ပွဲကို စစ်တပ် ဗုံးကြဲ၊ ဆရာတော် အပါအဝင် ၃ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် ကျေးရွာသူ ရွာသားများ အတွက် ရေသန့်စက်ဖွင့်ပွဲ အလှူပြုလုပ်နေစဉ် စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကျောင်း ထိုင်ဆရာတော် ပျံလွန်တော်မူပြီး ရွာခံ ၂ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၆ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် တစ်ရွာလုံး သုံးစွဲနိုင်ရန် ဆရာတော် ဦးစီး၍ ဆောက်လုပ်ထားသည့် ရေသန့်စက်ရုံ အလှူပွဲ ကျင်းပနေစဉ် မိတ္ထီလာလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ ဖြင့် ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

လေကြောင်းမှ ဗုံးထိမှန်မှုကြောင့် သက်တော် ၄၃ နှစ်ရှိ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူခဲ့ ရသလို အလှူပွဲသို့ ရောက်ရှိနေသည့် အသက် ၆၀ ကျော်အရွယ် ရပ်မိရပ်ဖ အမျိုးသား ၂ ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့ရ သည်။

“ရွာက လူတွေ ရေသန့်သန့် သောက်ရအောင် ဘုန်းဘုန်းကိုယ်တိုင် ဦးစီးပြီး ဆောက်ပေးထားတာပါ။ အဲဒါလေး ဖွင့်ပွဲလုပ်ပြီး လူတွေ စုနေကြတဲ့အချိန်မှာ လေယာဉ်နဲ့ တမင် လာကြဲတာ။ ဆရာတော်လည်း ပျံလွန်တော်မူသွား သလို အဘိုး နှစ်ယောက်လည်း ပွဲချင်းပြီး ဆုံးသွားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့ပြင် ဗုံးထိမှန်၍ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို မြေပြင်ကယ်ဆယ်ရေး ဆောင်ရွက်နေချိန်တွင်လည်း ရွှေဘိုမြို့အခြေစိုက် ခလရ (၄၂) တပ်ရင်းက ၁၂၀ မမ လက်နက်ကြီးများဖြင့် ၃ ကြိမ်ထက်မနည်း ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ နှမစားရစ်ကျေးရွာ ပတ်ဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှုနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သား ပြည်သူများ အေးချမ်းစွာ စုဝေးနေသည့် သာသနိက အဆောက်အအုံကို စစ်အုပ်စုတပ်က ပစ်မှတ်ထား၍ တမင်ရည်ရွယ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။

လက်ရှိတွင် စစ်အုပ်စုတပ်သည် ရွှေဘိုနယ်အတွင်းရှိ ပျူစောထီးရွာများကို စစ်သင်တန်းပေး၊ လက်နက်တပ်ဆင် ပေးကာ ကျေးရွာများကို စီးနင်းလုယက်ခိုင်းနေသည်ဟုလည်း ဒေသခံ တော်လှန်ရေးအဖွဲ့များကပြောသည်။

ထို့ပြင် စစ်အုပ်စုသည် အရပ်သားပြည်သူများနှင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံများကို အချိန်မရွေး ပစ်မှတ်ထား တိုက်ခိုက်နေသဖြင့် ပြည်သူများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ်ကို သတိပြု ရန်၊ လေယာဉ်သံနှင့် ပစ်ခတ်သံကြားပါက လုံခြုံသည့်နေရာသို့ အမြန်ဆုံး ရွှေ့ပြောင်းရန်နှင့် မလိုအပ်ဘဲ လူစု လူဝေး ပြုလုပ်ခြင်း မပြုကြရန် ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း သတိပေးထားသည်။

ဓါတ်ပုံ - (ပကဖ၊ ရွှေဘိုမြို့နယ်၊ NUG)

September 17, 2026
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၌ စစ်အုပ်စုတပ်က အဓမ္မစစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ...
September 17, 2026
ကချင်ပြည်၊ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်အုပ်စုတပ်၏ စစ်ရေယာဉ်များကို ကချင်လွတ်...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း တစ်နေရာ၌ တွေ့ရသည့် မော်တော်ယာဉ်များ / Crd
September 16, 2026
မြစ်ကြီးနား-မန္တလေး လမ်းပိုင်း၊ ကွင်းလမ်းတစ်နေရာတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် KPDF...
ကျောက်ဖြူခရိုင်အတွင်းက စစ်ဘေးရှောင် ပြည်သူအချို့ / ဇင်ချောင်း လူငယ်ပရဟိတအသင်း
September 16, 2026
ရခိုင်ပြည် တောင်ပိုင်း၊ ကျောက်ဖြူခရိုင်အတွင်းက စစ်ဘေးရှောင် ပြည်သူများအတွက် အခြေခံ...