Total-Myanmar နှင့် SIEMENS AG ကုမ္ပဏီတို့ တွဲဖက်၍ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအတွင်း ဆောင်ရွက်ရန် အဆိုပြုထားသော ဓာတ်အားပေးစက်ရုံမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားကို တနင်္သာရီတိုင်းဒေသကြီး ကံပေါက်မှ ပဲခူး(ဘုရားကြီး) ၅၀၀ ကေဗီ ဓာတ်အားလိုင်း သွယ်တန်းမည့်စီမံကိန်းကို ၂၀၁၉ ခုနှစ်တွင် စတင်မည်ဖြစ်ကြောင်း SIEMENS AG ကုမ္ပဏီမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်မင်းက ပြောသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရာမညဟိုတယ်တွင် မတ်လ ၃၁ ရက်နေ့တွင် ပြုလုပ်ကျင်းပသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်လူထုအခြေပြုအဖွဲ့အစည်းများအား စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားတွင် ပြောဆိုခဲ့သည်။
အဆိုပါ စီမံကိန်းသည် နိုင်ငံတော်၏ လျှပ်စစ်ကွန်ယက်အတွင်းသို့ လျှပ်စစ်ဓာတ်အား ၁၂၃၀ မက်ဂါဝပ် ထပ်တိုးဖြည့်ဆည်းမည်ဖြစ်ရာ ဓာတ်အားလိုင်းတည်ငြိမ်ပြီး စျေးနှုန်းချိုသာသည့် လျှပ်စစ်ကို နိုင်ငံတော်၏ လျှပ်စစ်ကွန်ယက်မှ တဆင့် ချိတ်ဆက်၍ လုံလောက်စွာသုံးစွဲနိုင်မည်ဖြစ်ကြောင်းနှင့် ကံပေါက်-ပဲခူး(ဘုရားကြီး) ၅၀၀ ကေဗီ ဓာတ်အားလိုင်းသည် ပြည်သူပိုင်(နိုင်ငံတော်ပိုင်)ဖြစ်ပြီး ၂၈၀ မိုင်ခန့် ရှည်လျားကာ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့ကို သွယ်တန်းမည်ဖြစ်ကြောင်း SIEMENS AG ကုမ္ပဏီမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်မင်းက ဆိုသည်။
ဓာတ်အားတိုင်တစ်ခုနှင့် တစ်ခု အကွားအဝေးမှာ ပျဉ်းမျှ ၁၃၀၀ ပေခန့်ရှိပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်း ဓာတ်အားတိုင် ၁၄၉ တိုင်ခန့်၊ ကရင်ပြည်နယ်အတွင်း ဓာတ်အားတိုင် ၂၃၉ တိုင်ခန့်၊ မွန်ပြည်နယ်အတွင်း ဓာတ်အားတိုင် ၆၄၁ တိုင်ခန့်နှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ၁၂၈ တိုင်ခန့်ရှိနိုင်ကြောင်း ၎င်းက ပြောသည်။
ဓာတ်အားလိုင်း သွယ်တန်းရန် အဆိုပြုလမ်းအူကြောင်း လေ့လာမှုများကို ယခင်နှစ်က ပြုလုပ်ခဲ့ပြီး မြေပြင်တိုင်းတာမှု လေ့လာမှုများကို ဒေသခံပြည်သူလူထုများ၊ အစိုးရဌာနဆိုင်ရာများ၊ လူထုအခြေပြုအဖွဲ့များ အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးနှင့် ဆွေးနွေးတိုင်ပင်ညှိနှိုင်းလုပ်ကိုင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Total-Myanmar ကုမ္ပဏီမှ ပရော်ဂျက် အမှုဆောင်အရာရှိ ဦးထွန်းထွန်းတင်က ဆိုသည်။
ဓာတ်အားလိုင်း သွယ်တန်းရန် အဆိုပြုလမ်းအူကြောင်းကို ဒေသခံပြည်သူများနှင့် နိုင်ငံတော်အစိုးရက လက်ခံအတည်ပြုပြီးမှ တည်ဆောက်ရေးလုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း၊ ဓာတ်အားလိုင်းသွယ်တန်း တည်ဆောက်ခြင်းအတွက် ရှင်းလင်းရမည့် သီးပင်စားပင်၊ လယ်ယာမြေ၊ ဥယျာဉ်ခြံမြေစသည့်တို့အတွက် တန်ဖိုးကို အစိုးရသတ်မှတ် နှုန်းထားအပေါ်အခြေခံပြီး အစိုးရဌာနဆိုင်ရာနှင့် ပြည်သူလူထုကိူယ်စားပြုအဖွဲ့ဝင်များပါဝင်သည့် မြေယာ၊ သီးနှံ ညှိနှိုင်းရှင်းလင်းရေးအဖွဲ့၏ ညှိနှိုင်းမှုဖြင့် ဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။
၂၀၁၈ ခုနှစ် မတ်လအတွင်း ယခုဆောင်ရွက်မည့် ဓာတ်အားလိုင်း အဆိုပြုလမ်းကြောင်း မြေပြင်တိုင်းတာမှု လေ့လာမှုများသည် ဓာတ်အားလိုင်းတည်ဆောက်ရေးလုပ်ငန်းစဉ်များ၏ ကနဦးအဆင့်မျှသာရှိသေးပြီး မြေယာ၊ သီးနှံညှိနှိုင်းရှင်းလင်းရေးလုပ်ငန်းများ၊ ကိန်းဂဏန်းများအကြောင်း မသိရှိရသေးကြောင်း၊ ESIA၊ IEE ခေါ် ပတ်ဝန်းကျင်နှင့် လူမှုဘဝအပေါ် သက်ရောက်မှု ဆန်းစစ်ခြင်း လုပ်ငန်းစဉ်အတွင်း လူထုဆွေးနွေးပွဲများ ပြုလုပ်ခြင်းဖြင့် ဒေသခံပြည်သူလူထု၏ ဆွေးနွေးအကြံပြုချက်များ ကောက်ခံရဦးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
ကံပေါက်-ပဲခူး(ဘုရားကြီး) ၅၀၀ ကေဗီ ဓာတ်အားလိုင်း သွယ်တန်းမည့်စီမံကိန်းသည် သုံးနှစ် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။







