၁၇ လကျော်ကြာ စစ်ဘေးရှောင် ချင်းပြည်သူများ နေရပ်ပြန်နိုင်ရေး စီစဉ်

၁၇ လကျော်ကြာ စစ်ဘေးရှောင် ချင်းပြည်သူများ နေရပ်ပြန်နိုင်ရေး စီစဉ်
by -
ခိုနူမ်းထုန်
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် ပြင်စိုကျေးရွာမှ ဒေသခံ ၃၀၀ ကျော်တို့သည် စစ်ဘေးဒဏ်ကြောင့် ၁၇ လကျော် ကြာ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြပြီးနောက် မိမိတို့မူလနေရပ်သို့ ပြန်လည်အခြေချနိုင်ရေးအတွက် စီစဉ်လျက်ရှိကြသည်။

ရခိုင့်တပ်မတော် (AA) နှင့် မြန်မာ့တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပြင်စိုကျေးရွာမှ ဒေသခံ ၃၇၀ တို့သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဧပြီလကစပြီး ကုလားတန်မြစ်ဘက် လောင်းတင်ရွာအနီးတွင် ယာယီစခန်းချကာ စစ်ဘေး တိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။

စစ်ဘေးရှောင်ပြည်သူများ မူလနေရပ်ပြန်နိုင်ရေးအတွက် လုပ်ငန်းစီမံချက်များကို ပြည်နယ်အစိုးရ၏ လမ်းညွန်မှုဖြင့် စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးကော်မတီအဖွဲ့တို့မှ ရေးဆွဲထားပြီး၊ လာမည့်အောက်တိုဘာလမှစ၍ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်း အပြီးနေရပ်ပြန်နိုင်ရန် စီမံထားသည်ဟု စစ်ဘေးရှောင်ကော်မတီမှ ကို စတေဗင်ကပြောသည်။

အဆိုပါလုပ်ငန်းစီမံချက်များအရ ယခုလအတွင်း သက်ဆိုင်ရာမှ မြေမြုပ်မိုင်းများဖယ်ရှားရှင်းလင်းခြင်း၊ အောက်တိုဘာ လတွင် ဒေသခံများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် နေအိမ်များပြုပြင်ဆောက်လုပ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး လာမည့်နှစ် ဖေဖော်ဝါရီလအတွင်း အပြီးသတ်ပြောင်းရွှေ့နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

စစ်ဘေးရှောင်ချင်းပြည်သူများသည် ယခုချိန်ထိ အလှူရှင်များ၏ ထောက်ပံ့လှူဒါန်းမှုများကိုသာ အဓိကအားထားနေရပြီး ၂ နှစ်ခန့် တောင်ယာလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းမရှိကြသည့်အတွက် စားဝတ်နေရေးအတွက် ကူညီ အထောက်ပံ့များ ဆက်လက်လိုအပ်မည်ဖြစ်ကြောင်း ကိုစတေဗင်ကပြောသည်။

“ အဓိက အကျဆုံးက တောင်ယာတစ်နှစ်လုပ်မှ တစ်နှစ်အတွက် စားရတဲ့တောင်သူများ အနေဖြင့် ၂နှစ်တိတိ တောင်ယာ လုပ်ခွင့်မရသဖြင့် စားဝတ်နေရေး ခုလရာသီမှ လာမည့် ၂၀၁၇ခု ကောက်သစ်ပေါ်သည့်အထိ လိုအပ်နေပါတယ်၊
အရေးကြီးဆုံးမှာ စစ်ဘေးဒဏ်ကြောင့် မိသားစုဘဝ ကစဥ့်ကလျားဖြစ်သွားခဲ့ကြတဲ့ဘဝတွပြန်လည်ထူထောင်နိုင်ဖို့  မရှိမဖြစ် အားပေးကူညီမူလိုပါတယ်၊ ပြန်သွားရင် ပြီးရော့ဆိုတဲ့ အခြေအနေအောက်မှာထားခဲ့လို့မရပါဘူး’’ ဟု သူကပြော သည်။

စစ်ဘေးရှောင်ပြည်သူများ မူလနေရပ်သို့ပြန်သွားသည့်အချိန်တွင် နေအိမ်များပြုပြင်ဆောက် လုပ်ရေးအတွက် ချင်းပြည် နယ်အစိုးရအနေဖြင့် ငွေကြေးထောက်ပံ့ပေးသွားမည်ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောသည်။

“ အဲဒီဘက်မှာ ၀ါးအိမ်တွေများတော့ အိမ်တွေကိုထားခဲ့ရတဲ့အခါကျတော့ နေလို့မကောင်း မရတော့ဘူး၊ ဒါကြောင့် သူတို့ ကိုယ့်အိမ်ကိုယ်ပြန်ဆောက်နိုင်ဖို့ ပြည်နယ်အစိုးရကနေထောက်ပ့ံပေးသွားမှာပါ’’ ဟု လူမှုရေးဝန်ကြီးကပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...