ကျောက်ဖြူ မလကျွန်းရှိ ပြိုပျက်နေသော ဝေသာလီခေတ်လက်ရာ ရှေးဟောင်း စေတီအားပြန်လည်ပြုပြင်တည်ထားရန် အုတ်မြစ်တော်စီ အခမ်းအနားပြုလုပ်

ကျောက်ဖြူ မလကျွန်းရှိ ပြိုပျက်နေသော ဝေသာလီခေတ်လက်ရာ ရှေးဟောင်း စေတီအားပြန်လည်ပြုပြင်တည်ထားရန် အုတ်မြစ်တော်စီ အခမ်းအနားပြုလုပ်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မလကျွန်းအနီးရှိ ပြိုပျက်နေသည့် ဝေသာလီခေတ်လက်ရာ ရှေးဟောင်း စေတီတော်တစ်ဆူအား ပြန်လည်တည်ထားရန် ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် အုတ်မြစ်တော်စီ မင်္ဂလာ အခမ်းအနားကို ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းအခမ်းအနားအား ရခိုင်ရိုးရာ ယဉ်ကျေးမှု ထုံတန်းစဉ်လာများနှင့်အညီ ပြုလုပ်ခဲဲ့ပြီး ဒေသခံ ဆရာတော်များ၊ အနီးအနားရှိ ကျေးရွာများမှ ဗုဒ္ဓဘာသာဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ရခိုင်မင်္ဂလာစည်တော်ရွမ်းပြီး ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

၎င်းစေတီတော်သည် ဆယ်စုနှစ်နှင့် ချီပြီးပျက်စီးနေရာမှ ယခုအခါ ကျေးရွာသားများ၏ စုပေါင်း အင်အားနှင့် ပြန်လည်တည်ထားခြင်း ဖြစ်ကြောင်း စေတီအုတ်စီတော် အခမ်းအနားသို့ ရောက်ရှိနေသူ ကျောက်တော်မြို့တွင် တာဝန်ထမ်းဆောင်နေသည့် ဥပဒေအရာရှိ ကျေးရွာသား ဦးဗိုလ်ကျန်က ပြောကြားသည်။

“ ကျွန်တော်အသက်က ၄၀ ရှိပါပြီ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ဒီစေတီက ပျက်စီးနေတာပါ။ အခုမှ ဘာကြောင့် ပြုပြင်မွန်းမံပြီး တည်ထားရသလဲဆိုရင် အရင်က ကျေးရွာသားတွေက အရမ်းဆင်းရဲတော့ မပြင်နိုင်ခဲ့ဘူး။ အခုတော့ ရွာကနေ နိိုင်ငံခြားကို အလုပ်သွားလုပ်တဲ့ သူတွေရှိတယ်။ ရန်ကုန်မှာရောက်နေတဲ့သူတွေရှိတယ်။ ရွာသားတွေလည်း အနည်းနဲ့အများအဆင်ပြေတော့ အကုန်လုံးပေါင်းပြီးတော့ ဒီစေတီကို ပြန်လည် မွန်းမံတည်ထားဖို့ စီစဉ်ရတာ ဖြစ်ပါတယ်” ဟု ဦးဗိုလ်ကျန်က ပြောသည်။

စေတီအတွက် လိုအပ်သည့် အုတ်များကိုကျေးရွာ အပျို၊ လူပျိုများလှူဒါန်းကြောင်း၊ သဲကို ရွာမှ အလှူရှင်များက လှူဒါန်းကြောင်း၊ သို့အတွက် ဘိလပ်မြေ တစ်ခုတည်း ဝယ်ရန်လိုအပ်ကြောင်း၊ စေတီတော်အား ၂၉ ပေ အမြင့် တည်ထားမည်ဖြစ်ပြီး အရံစေတီငယ်များလည်း ပါဝင်မည် ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။

“ စေတီတော်ရဲ့ လက်ခကတော့ ၄၂ သိန်းကုန်ကျပါမယ်။ အရံစေတီတော်တွေနဲ့ ဆိုရင် စုစုပေါင်း သိန်း ၇၀ လောက်ကုန်မှာဖြစ်ပါတယ်။ ရန်ကုန်ကိုရောက်နေတဲ့ ရွာသားတွေ၊ ထိုင်းနဲ့ မလေးရှားမှာ ရောက်နေတဲ့ ရွာသားတွေက ဝိုင်းပြီး ကူကြပါတယ်။ ရွာသားတွေလည်း ထည့်ဝင်လှူဒါန်းတယ်။ စေတီကိုတော့ သုံးလနဲ့ အပြီး မွန်းမံ တည်ဆောက်မှာ ဖြစ်ပါတယ်” ဟု ဦးဗိုလ်ကျန်က ဆိုသည်။

စေတီတော်အား အေဒီ ၇၆၉ ခုနှစ် ဝေသာလီခေတ်တွင် ရခိုင်ဘုရင် စူဠစန္ဒြားမင်းကို လွမ်းဆွတ်သည့် အနေဖြင့် ပညာရှိ အမတ်ကြီး ဓမ္မဇေယျက အမှတ်တရ တည်ထားသည့် စေတီဖြစ်ကြောင်း သိရသည်။

“ အေဒီ ၇၆၉ ခုနှစ် ဝေသာလီခေတ်မှာ စူဠစန္ဒြားမင်း က စစ်သည်ဗိုလ်ပါတွေနဲ့ တကောင်းပြည်ကို သွားတယ်။ အပြန်မှာ ဘုရင်စီးလာတဲ့ လှေကို ဒီအနီးက ပင်လယ်မှာ နဂါးနစ်ပြီး နတ်ရွာစံတယ်လို့ ရှေးလူကြီးသူမ ပြောစကားတွေရှိတယ်။ တစ်ချို့ သမိုင်းတွေမှာတော့ မုန်တိုင်းမိပြီး လှေနစ်ရာကနေ ဘုရင်နတ်ရွာစံတယ်လို့ ပြောတယ်။ နတ်ရွာစံတဲ့ ဘုရင်ကြီး စူဠစန္ဒြားမင်းကို လွမ်းဆွတ်အမှတ်ရပြီး ပညာရှိ အမတ်ကြီး ဓမ္မဇေယျက တည်ထားကိုးကွယ်ခဲ့တယ်လို့ သမိုင်းမှတ်တမ်း အထောက် အထားတွေအရ သိရပါတယ်။ ဆရာကြီးဦးဦးသာထွန်းရှိတုန်းကလည်း ဒီစေတီဟာ ဝေသာလီခေတ်က တည်ထားကိုးကွယ်တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ ဝေသာလီမြို့က ရတဲ့ အုတ်တွေနဲ့ ဒီစေတီက ရတဲ့ အုတ်တွေဟာ အတူတူ ဖြစ်ပါတယ်။ ဒါကြောင့် ဝေသာလီခေတ် လက်ရာလို့ ပြောဆိုတာ ဖြစ်ပါတယ်” ဟု ဦးဗိုလ်ကျန်က ရှင်းပြပြောဆိုသည်။

ရခိုင်ရှိ ရှေးဟောင်း ဘုရားပုထိုး စေတီအများအပြားမှာ ခေတ်ကာလ ကြာမြင့်လာပြီ ဖြစ်သဖြင့် ယိုယွင်းပျက်စီးမှုနှင့် ကြုံတွေ့နေရပြီး ထိုအထဲမှ အနည်းစု ဘုရားစေတီများကိုသာ ဒေသခံများက ပြုပြင်နိုင်ပြီး အများစုကိုမူ ပြန်လည် ပြုပြင် တည်ဆောက်နိုင်ခြင်းမရှိဘဲ ဖြစ်နေကြောင်း သိရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...