လွှတ်တော်စည်းကမ်းနှင့် မညီ၍ ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်း မေးခွင့်မပြုဟု ဆို

လွှတ်တော်စည်းကမ်းနှင့် မညီ၍ ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်း မေးခွင့်မပြုဟု ဆို
by -
အောင်မြတ်သူ

ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မေးခွန်းသည် လွှတ်တော်ဆိုင်ရာ ကန့်သတ်ချက်၊ စည်းကမ်းချက်များနှင့် မညီသည့်အတွက် မေးမြန်းခွင့် မပေးခဲ့ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယနေ့ ဖေဖော်ဝါရီလ ၁၉ ရက်၊ ပြည်သူ့လွှတ်တော်တွင် ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဖာပွန်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစော ထွန်းမြအောင် မေးမြန်းခဲ့သည့် မေးခွန်းသည် ညောင်လေးပင်မြို့ကို ခရိုင်အဆင့် တိုးမြှင့်ရန်နှင့် ဖက်ဒရယ် စနစ်အား ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲခဲ့လျှင် ညောင်လေးပင်မြို့ကို ခရိုင်အဆင့် ထည့်သွင်းရေးဆွဲရန် အစီစဉ် ရှိ၊ မရှိ မေးမြန်းရန် ဖြစ်သည်။

သို့သော် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၁၈ ရက် မြောက်နေ့ အစီအစဉ်လျာထားချက်တွင် အဆိုပါမေးခွန်း ပါရှိခဲ့သော်လည်း လွှတ်တော်အစည်းအဝေး ကျင်းပချိန်တွင် မပါရှိတော့ခြင်းအပေါ် လွှတ်တော်ဥက္ကဋ္ဌက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ ဘာကြောင့်မပေးလဲ မသိဘူးဆိုတော့ ကျွန်တော်တို့ဆီက ဖြေတဲ့ ကိုယ်စားလှယ် တချို့ကလည်း လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေကို ကိုယ် မသိတာ မလေ့လာတာ ပေါ်ပါတယ်။အဲ့တော့ ဘာကြောင့်မပေးလဲ ဆိုတဲ့ အခါကျတော့ ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲ ဖတ်ပြပါမယ်။ မေးခွန်းက ညောင်လေးပင်မြို့ကို ခရိုင် အဆင့် တိုးမြှင့်ရန်နှင့်ဖက်ဒရယ် စနစ်အားဖွဲ့စည်းပုံ ပြင်ဆင် ရေးဆွဲခဲ့လျှင် ညောင်လေးပင်မြို့ကို ခရိုင် အဆင့် ထည့်သွင်းရေးဆွဲရန် အစီစဉ် ရှိ၊ မရှိ မေးခွန်းက အဲ့လို မေးထားပါတယ်” ဟု အဆိုပါမေးခွန်းအား ခွင့်မပြုခဲ့ခြင်းအပေါ် ဦးဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် ၄င်းမေးခွန်းသည် ဥပဒေဆိုင်ရာ ပြသာနာ တစ်ခုလည်းဖြစ်ပြီး မဖြစ်ပေါ်သေးသောကိစ္စများကို ကြိုတင် မေးခွန်းထုတ်ခြင်း ဖြစ်ကြောင်း ဦးဝင်းမြင့် က ဆိုသည်။

“ လွှတ်တော်ဆိုင်ရာ မေးခွန်းနဲ့ ပတ်သတ်တဲ့ ကန့်သတ်ချက်၊ စည်းကမ်းချက်ကို ပြန်ကြည့်တဲ့အခါမှာ နည်း ဥပဒေ ၁၄၀(ဂ)မှာ ဥပဒေဆိုင်ရာ နက်နဲသော ပြသာနာများကို ဖြေရှင်းတောင်းဆိုခြင်း သို့မဟုတ် မဖြစ်ပေါ်သေး သော ကိစ္စနှင့် စပ်လျဉ်း၍မည်သို့ဆောင်ရွက်ကြောင်း ဖော်ပြမေးမြန်းခြင်းမပြုရ။ ဒီလို ရှင်းရှင်းရေးထားပါတယ် နောက်တစ်ခုက မဖြစ်ပေါ်သေးတဲ့ ကိစ္စ ဖွဲ့စည်းပုံပြင်ပြီးရင် မြို့ကို ခရိုင်ပေးဖို့ မေးတာပါ။ ဒါကြောင့်မို့လို့ ဒါနဲ့ ငြိစွန်းလို့ ကျွန်တော် မပေးခဲ့ခြင်းဖြစ်ပါတယ်။ ဒါကိုတော့ ကိုယ်စားလှယ်များ အားလုံးကို ဒါကျွန်တော် ရှင်းလင်းတင်ပြပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဆိုသည်။

အဆိုပါ မေးခွန်းအား ကျော်သွားခဲ့ခြင်းအပေါ် အကျိုးအကြောင်းသိစေရန် ယနေ့ ပြောကြားခဲ့ခြင်းဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသွားခဲ့သည်။

May 26, 2026
ဟန်ထူးဇော် — အွန်လိုင်းငွေလိမ်လည်သည့် လုပ်ငန်းများလုပ်ကိုင်မှုကြောင့် နာမည်ဆိုးဖြင့်...
May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...