ရခိုင်မျိုးချစ်ပါတီမှ ဘဏ္ဍာရေးတာဝန်ခံ ဦးမြတ်ထွန်း နှုတ်ထွက်

ရခိုင်မျိုးချစ်ပါတီမှ ဘဏ္ဍာရေးတာဝန်ခံ ဦးမြတ်ထွန်း နှုတ်ထွက်
by -
စံမောင်သန်း

ရခိုင်ပြည်နယ် စစ်တွေမြို့ အခြေစိုက် ရခိုင်မျိုးချစ်ပါတီ APP ၏ ဘဏ္ဍာရေးတာဝန်ခံ ဦးမြတ်ထွန်းသည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် လက်ရှိတာဝန်နှင့် ပါတီအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်လိုက်သည်ဟု သိရသည်။

ရခိုင်မျိုးချစ်ပါတီကို ဦးဆောင်နေသည့် ပါတီဥက္ကဋ္ဌနှင့် သဘောထားမတိုက်ဆိုင်၍ ယင်းသို့ နှုတ်ထွက်ရခြင်းဖြစ်သည်ဟု ဆိုသည်။

“APP မှာ စလုပ်လာတုန်းကတော့ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျနော့်အနေနဲ့ နိုင်ငံရေးဦးဆောင်မှု မပေးနိုင်တော့ လူငယ်တွေကိုပဲ ရှေ့တန်းတင်ပြီးတော့ လုပ်လာခဲ့ပါတယ်။ အဲ့ဒီလိုလုပ်ရင်းနဲ့ ဥက္ကဋ္ဌလုပ်တဲ့လူနဲ့ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်”ဟု ရခိုင်မျိုးချစ်ပါတီ၏ ဘဏ္ဍာရေးတာဝန်ခံ ဦးမြတ်ထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရခိုင်မျိုးချစ်ပါတီသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပေါင်းစည်းရန် ကြန့်ကြာနေမှုနှင့်ပတ်သက်၍ မိမိတို့ပါတီ၏ ရှေ့ဆက်လုပ်ငန်းစဉ်များကို APP အစည်းအဝေးတွင် တင်ပြခဲ့ရာ၌လည်း ဥက္ကဋ္ဌနှင့် သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့သည်ဟု ဦးမြတ်ထွန်းက ပြောသည်။

“ပါတီရှေ့ဆက်လက်ရပ်တည်ရေးနဲ့ ပတ်သက်ပြီး တင်ပြတဲ့အထဲမှာ ပါတီဥက္ကဋ္ဌရဲ့ လုပ်ရပ်တွေကို ဝေဖန် ထောက်ပြတော့ သူက မခံမရပ်နိုင်ပြီး ပုဂ္ဂိုလ်ရေး ပဋိပက္ခ အသွင်ဆောင်သွားခဲ့ပါတယ်။ အဲ့ဒါကြောင့် ပါတီက နှုတ်ထွက်ခဲ့တာပါ”ဟု ဦးမြတ်ထွန်းက ရှင်းပြသည်။

ဦးမြတ်ထွန်း၏ နှုတ်ထွက်မှုကို ရခိုင်မျိုးချစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် ဗဟိုကော်မတီဝင်များ အရေးပေါ်အစည်းအဝေးမှ အတည်ပြုလိုက်သည်ဟု သိရသည်။

“ဦးမြတ်ထွန်းရဲ့ နှုတ်ထွက်မှုနဲ့ ပတ်သက်ပြီး ပါတီအပေါ်မှာ ရိုက်ခတ်စရာ အကြောင်းမရှိပါဘူး။ သဘောထား မကိုက်ညီတဲ့အတွက် ရခိုင်မျိုးချစ်ပါတီက နှုတ်ထွက်တယ်ဆိုရင်၊ ကျန်တဲ့ ပါတီဝင်တွေရဲ့ သဘောထားတွေဟာ ကိုက်ညီမှုရှိတဲ့အတွက် ပါတီအနေနဲ့ ရှေ့ဆက် လုပ်သွားမှာပါ”ဟု ရခိုင်မျိုးချစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးခင်မောင်ထွန်းက ပြောသည်။

APP ပါတီ၏ လက်ရှိတာဝန်နှင့် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ပြီးနောက် ဦးမြတ်ထွန်းအနေဖြင့် ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့နှင့် ရခိုင်ပြည်နိုင်ငံရေးအကျဉ်းသားဟောင်း အဖွဲ့တို့တွင် ဇောက်ချလုပ်ကိုင်သွားမည်ဟု သိရသည်။

“အခုလိုမျိုး နိုင်ငံရေးရှုပ်ထွေးပွေလီနေတဲ့အချိန်မှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်နေသူတွေအနေနဲ့ မှန်မှန်ကန်ကန်ဖြစ်ဖို့အတွက် နိုင်ငံရေးအကျဉ်းသားဟောင်း ခေါင်းဆောင်တစ်ယောက်အနေနဲ့ အကြံဉာဏ်ပေးသွားမယ်လို့ ရည်မှန်းထားပါတယ်”ဟု ဦးမြတ်ထွန်းက ပြောသည်။

ယခုလက်ရှိတွင် ဦးမြတ်ထွန်းသည် ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့တွင် ဒါရိုက်တာတစ်ဦးအဖြစ် တာဝန်ယူနေပြီး၊ ရခိုင်ပြည် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့တွင် ဒုဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...