ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ပင်လယ်ကျောက်တန်းအား တိုက်မိရာမှ ရေဝင်ပြီး နစ်မြုပ်လုနီးပါး ဖြစ်နေသော စက်လှေ တစ်စီးပေါ်မှ ခရီးသည်များကို ကျောက်ဖြူမီးသတ်တပ်ဖွဲ့မှ ကယ်တင်နိုင်ခဲ့သည်ဟု သတင်းရရှိသည်။
၎င်းစက်လှေသည် မြေပုံမြို့နယ်၊ ငပသုန်မှ ကျောက်ဖြူမြို့သို့ မောင်းနှင်လာစဉ် ကျွန်းလျားရှည် အထက်ကျောက်တန်းအား တိုက်မိ၍ ဖေဖော်ဝါရီလ ၁၅ ရက် ည ၈ နာရီခန့်တွင် နစ်မြုပ်လုနီးပါး ဖြစ်နေချိန်တွင် ကျောက်ဖြူမီးသတ်စခန်းမှ အရေးပေါ်သွားရောက် ကူညီကယ်ဆယ်ခဲ့ရကြောင်း မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက နိရဥ္စရာ သတင်းဌာသို့ ပြောသည်။
‘‘ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များ အချိန်မီ ရောက်သွားတဲ့ အတွက် လူတွေကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ လူတွေကတော့ တစ်စုံတစ်ရာ ထိခိုက်မှု မရှိပါဘူး။ နောက်ထပ် ငါးမိနစ်လောက်ဆိုရင် မလွယ်တော့ဘူး။ စက်လှေကတော့ သိပ်မကြာခင်ဘဲ ရေဝင်ပြီး နစ်မြုပ်သွားတယ် ’’ဟု မီးသတ်ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောသည်။
စက်လှေပေါ်တွင် လိုက်ပါလာသူများမှာ မြေပုံမြို့နယ်၊ ဆတက်ကျေးရွာမှ ဦးလှဝင်း (၂၈)နှစ်၊ ဦးရွှေဝင်းမောင် (၃၂)နှစ်၊ မချောမိုးသက် (၂၃)နှစ် နှင့် ကျောက်ဖြူမြို့၊ အစိုးရရပ်ကွက်မှ မထွေးထွေးရီ (၂၆)နှစ် တို့ဖြစ်ကြသည်။
ကျောက်ဖြူမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ စည်သူလင်း ဦးစီးသော အဖွဲ့သည် ငါး/ပုဇွန်ဒိုင်မှ ဦးမောင်မောင်ပိုင် စက်လှေတစ်စီး၊ မြစ်နားတန်းရပ်ကွက်မှ ဦးလှမျိုးအောင် ငါးဖမ်းမော်တော်ဘုတ် တစ်စီးတို့ ဖြင့် ကျောက်ဖြူမြို့မှ ရေမိုင် (၁၈)မိုင်ခန့် ကွာဝေး သော နေရာသို့ ၈ နာရီ ၂၅ မိနစ် အချိန်ခန့်တွင် လိုက်ပါသွားကာ ရှာဖွေ ကယ်ဆယ်ရေးများ ပြုလုပ် ခဲ့ရသည်ဟု သိရသည်။
ကျောက်ဖြူမြို့သို့ ည ၁၂ နာရီတွင် လှေပေါ်တွင် လိုက်ပါလာသူများနှင့် အတူ ပြန်လည် ရောက်ရှိခဲ့ကြောင်း သိရသည်။
လိုင်းဘုတ် အချိန်မမှီလိုက်လို့ ငှားလိုက်လာခြင်း ဖြစ်ကြောင်း၊ လှေမှာ ဦးပန်းမသာ (၃၅)နှစ် မောင်းနှင်လာသော အလျား ၃၉ပေ အနံ ၉ပေခန့်ရှိ ၂၅ မြင်းကောင်တပ် လှေဖြစ်ကြောင်း သိရှိရသည်။







